Main menu

Background

ချင်း‌ပြည်နယ်ထွက် ဝဥများကို ပခုက္ကူမြို့နယ်သို့ တင်ပို့နေ

Tue, 01/10/2023 - 10:23 -- journal_editor

ပြည်ပနိုင်ငံများအထိ ဈေးကွက်ထိုးဖောက်သည့် ချင်းပြည်နယ်မှ ဝဥမျိုးများကို ပခုက္ကူမြို့နယ် ငဖောင်ကန်ကျေးရွာအနီး ရွှေနယုန်ဝဥစက်ရုံတွင် ဝဥအစိုတစ်ပိဿာကို ငွေကျပ် ၁၁၅၀ ဖြင့် ဒီဇင်ဘာလကစတင်ပြီး လက်ခံဝယ်ယူလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်ဒီနေ့လာရောင်းတဲ့ဝဥအစိုကတော့ ပိဿာချိန်ပေါင်း ၂၀ဝ၀ခန့်ရှိတယ်။ ဝဥစိုက်ပျိုးလုပ်ကိုင်တာ ငါးနှစ်ရှိပါပြီ၊ စိုက်ပျိုးထားတဲ့ စိုက်ခင်းသက်တမ်းသုံးနှစ်ပြည့်မှသာ တူးဖော်ရောင်းချရခြင်းဖြစ်ပြီး နှစ်စဉ်ရောင်းချနိုင်ရေး ရွှေ့ ပြောင်း တောင်ယာစနစ်ဖြင့် ပုံမှန်စိုက်ပျိုးလုပ်ကိုင်လျက်ရှိတယ်။ ချင်းတောင်ဒေသတွေမှာ ဓာတ်မြေသြဇာ ထည့်၊ ပေါင်း သတ်ဆေးအသုံးပြုပြီး  စိုက်ပျိုးလုပ်ကိုင်သူ နည်းပါးကာ မိသားစုများတဲ့ အိမ်ထောင်စုဝင်တွေအနေနဲ့ တစ်နှစ်ကို အမြတ်ငွေကျပ်သိန်းတစ်ရာကျော် ရရှိကြတယ်။ ကျွန်တော်တို့က မိသားစုဝင်နည်းတဲ့အတွက် စိုက်ခင်းပေါင်းသင်ခ၊ တူးဖော်ခနှင့်တောင်ယာမှ သယ်ယူစရိတ်တွေ အပါအဝင် လာရောက်ရောင်းချတဲ့ မော်တော်ယာဉ်တင်ဆောင်ခတွေပါ အားလုံးတွက်မယ်ဆိုရင် အမြတ်ငွေကျပ်သိန်း ၆၀ ကျော်ပဲရမှာပါ၊ ကျွန်တော်တို့ တောင်သူတွေအနေနဲ့ ကိုဗစ်(၁၉)ရောဂါကပ်ဘေးအပါအဝင် ပြည်တွင်းခရီးသွားလာရေးလုပ်ငန်းများ အဆင်ပြေချောမွေ့ပြီး ဝဥဈေးကောင်းဖို့သာ မျှော်လင့်နေကြပါတယ်” ဟု ချင်းပြည်နယ် မင်းတပ်မြို့နယ်မှ ဝဥ လာရောက်ရောင်းချသူတစ်ဦးက ပြောပြသည်။

ထို့ပြင် ပခုက္ကူမြို့နယ်၊ ရွှေနယုန်ဝဥစက်ရုံအဖွဲ့ခေါင်းဆောင် ဦးပြည့်စုံအောင်က “ကျွန်တော်တို့စက်ရုံတည်ထောင်တာ သုံးနှစ်ခန့်ရှိပါပြီ။  ကျွန်တော်တို့ဝယ်ယူတဲ့ ဝဥမျိုးတွေကတော့ ချင်းပြည်နယ်(တောင်ပိုင်း)၊ မင်းတပ်မြို့နယ်နှင့်ကန်ပက်လက်မြို့နယ်တွေက ထွက်ရှိတဲ့ ဝဥမျိုးတွေများပါတယ်။  ဝဥအစိုကို ဒီဇင်ဘာမှစတင်ကာ နေ့စဉ်ပိဿာချိန်ပေါင်းအနည်းဆုံး ၃၀ဝ၀ ကနေ အများဆုံး ၁၀ဝ၀ဝ ခန့်အထိ  လက်ခံဝယ်ယူလျက်ရှိရာ လက်ရှိအချိန်ထိ ပိဿာချိန်ပေါင်းလေးသိန်းကျော် ရရှိပြီဖြစ်ကြောင်း၊ ဝယ်ယူရရှိတဲ့ဝဥမျိုးတွေကို တရုတ်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတွေထံ အဓိကပြန်လည်တင်ပို့ရောင်းချရတာကြောင့် ပြည်ပနိုင်ငံရှိပြည်သူတွေရဲ့ ဝယ်ယူသုံးစွဲမှုအပေါ်မူတည်ပြီး ဈေးနှုန်းအတက်အကျရှိကြောင်း၊ ကိုဗစ်(၁၉)ရောဂါ မဖြစ်ပွားမီကာလများတွင် ဝဥအစိုတစ်ပိဿာကို အများဆုံးငွေကျပ် ၁၈၅၀ အထိ လက်ခံဝယ်ယူခဲ့ပေမယ့် ယခုနှစ်တွင် ငွေကျပ် ၁၁၅၀ ဖြင့် လက်ခံဝယ်ယူရကြောင်း၊ ဝယ်ယူထားတဲ့ ဝဥအစိုတွေကို စက်ရုံကနေ ရေဆေးကြောသန့်စင်၊ ကြိတ်ခွဲ၊ အခြောက်လုပ်ပြီး နောက်ဆုံးအမှုန့်ဖြစ်တဲ့အထိ လုပ်ငန်းစဉ်အဆင့်ဆင့် လုပ်ဆောင်ပေးရပါတယ်။ ဝဥမျိုးတွေကို ပြည်ပနိုင်ငံတွေမှာ ခေတ်မီနည်းပညာတွေနဲ့ပေါင်းစပ်ပြီး စားသုံးကုန်နှင့်လူသုံးကုန်ပစ္စည်းမျိုးစုံဖြင့် တီထွင်ထုတ်လုပ်ရောင်းချနေကြတဲ့အပြင် စားသောက်ဆိုင်တွေမှာလည်း ဝဥအစားအစာတွေကို ထည့်ရောင်းချနေကြတာတွေ ရှိပါတယ်။ ပြည်ပနိုင်ငံတွေမှာ ဖန်တီးပြုလုပ်ထားတဲ့ ဝဥအစား အစာတွေဟာ အဝစားရင်တောင် ဗိုက်ခေါက်ထူတာ၊ လူဝလာတာတွေ သိပ်မတွေ့ရတာကြောင့် ခန္ဓာကိုယ်ထိန်းသိမ်းချင်ကြတဲ့ တရုတ်နှင့်ကိုရီးယားအမျိုးသမီးတွေဆို ဝဥအစားအစာကိုပဲ အမြဲမှီဝဲစားသုံးကြတာများပါတယ်။     မြန်မာနိုင်ငံမှာလည်း ဝဥတုံနှင့်ဝဥခေါက်ဆွဲအမည်တွေကို မျိုးစုံပြုလုပ်ဖန်တီးပြီး ဖြန့်ချိရောင်းချကြပါတယ်”ဟု ပြောပြသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)