Main menu

Background

ရာသီမရွေး ဝတ်ဆင်နိုင်သည့် မြင်းခြံဈေးကွက်ရှိ မြန်မာ့ချည်ထည်

Thu, 03/16/2023 - 15:51 -- journal_editor

မြန်မာနိုင်ငံအထက်ပိုင်း အထက်အညာဒေသများသည် ပူပြင်းခြောက်သွေ့သဖြင့် ဒေသခံအများစုမှာ ရာသီဥတုနှင့်လိုက်ဖက်ညီစွာ မြန်မာချည်ထည်များကို အများဆုံး ဝတ်ဆင်လေ့ရှိကြသည်။

မြန်မာချည်ထည်များသည် ခန္ဓာကိုယ်နှင့်အင်္ကျီကြားမှာ ဖြစ်ပေါ်တတ်သည့် စိုထိုင်းမှုများကို ဖယ်ရှားပေးသည့်အတွက် ချွေးအအေးပတ်ခြင်းကို မဖြစ်ပေါ်စေကြောင်း၊ မတူညီသည့်ရာသီဥတုအခြေအနေအလိုက် နွေ၊ မိုး၊ ဆောင်း ရာသီတိုင်း၌ ဝတ်ဆင်နိုင်ကြောင်းနှင့် နွေရာသီတွင် အသင့်လျော်ဆုံးဖြစ်ပြီး အေးသည့်အချိန်အခါများ၌လည်း လေအေးများ ခန္ဓာကိုယ်ကိုမထိအောင် ကာကွယ်ပေးနိုင်ကြောင်း၊ ထို့ပြင် မြန်မာချည်ထည်များသည် ခန္ဓာကိုယ်အရေပြားနှင့် ဓာတ်မတည့်ခြင်းဖြစ်ပေါ်နိုင်မှုမှာ အလွန်ရှားပါးသည့်အတွက် အရေပြားအထူးကုဆရာဝန်များသည် ဓာတ်မတည့်ဖြစ်လေ့ရှိသော အရေပြားပိုင်ရှင်များအား မြန်မာချည်ထည်များကို ဝတ်ဆင်ဖို့ အကြံပြုလေ့ရှိကြောင်း ဖတ်ရှုမှတ်သားဖူးသည်။ 

မြင်းခြံဒေသထွက် မြန်မာ့ချည်ထည်များကို တောင်သာမြို့နယ် နန်းမြင့်ကျေးရွာတွင် အများဆုံးရက်လုပ်ကြပြီး ဒေသအခေါ် နဖျင်းထည်ဟုခေါ်ဆိုကြလေ့ရှိသဖြင့် ခရီးသွားပြည်သူများအနေဖြင့် နဖျင်းထည်ဟု သိရှိမှုများကြသည်။ အညာဒေသထွက် မြန်မာချည်ထည်အဝတ်အထည်များသည် ရောင်းပန်းဝယ်ပန်းလှပြီး အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့်ခရီးသွားများမှာ ဒေသထွက်ချည်ထည်များကို မိသားစုဆွေမျိုးသားချင်းအတွက်သော်လည်းကောင်း၊ မိတ်ဆွေအပေါင်းအသင်းများကို အညာဒေသပြန် လက်ဆောင်အဖြစ် ပေးရန်သော်လည်းကောင်း၊ ပြန်လည်ရောင်းချရန်သော်လည်းကောင်း ဝယ်ယူလေ့ရှိကြသည်။ လက်ဆောင်ရရှိသူများအနေဖြင့်လည်း အညာဒေသ ချည်ထည်များကို နှစ်သက်မြတ်နိုးစွာ တန်ဖိုးထားဝတ်ဆင်လေ့ရှိကြသည်။ ထို့ပြင် ချည်ထည်ဖြင့်ရက်လုပ်ထားသော လက်သုတ်ပဝါများသည် ဆွေးမြည့်မလွယ်ဘဲ ခိုင်ခံ့မှုရှိ၍ ယခုအခါ တစ်ခါသုံး တစ်ရှူးစက္ကူဈေးနှုန်းသည် မြင့်မားလာသည့်အတွက် တစ်ရှူးစက္ကူအစား ပြန်လည်သန့်စင်လျှော်ဖွတ်နိုင်သည့် ချည်ထည်လက်သုတ်ပဝါများကို သုံးစွဲခြင်းဖြင့် ပြည်တွင်းဖြစ်ကိုလည်း အားပေးရာရောက်သည်။ နောက်ပိုင်းတွင် သုံးစွဲမှုများလာပြီး SUPER MARKET များတွင်လည်း ဈေးကွက်ဝင် လာကြောင်း သိရှိရသည်။

မြင်းခြံဈေးကွက်တွင် လက်ရှိဖြစ်ပေါ်နေသော မြန်မာချည်ထည်ဈေးနှုန်းများအနေဖြင့် ၁၀ကိုက်တစ်အုပ်ဈေးမှာ ကျပ် ၁၈၀ဝ၀မှ ကျပ်၂၀ဝ၀ဝ ထိရှိကြောင်းသိရှိရသည်။ အင်္ကျီဈေးများအနေဖြင့် သင်္ဘောသား ကျား/မ ဝတ် S-size တိုရှည်မှာ ကျပ် ၅၅၀ဝ- ၆၀ဝ၀၊ M-size တိုရှည်မှာ ကျပ် ၆၅၀ဝ- ၇၀ဝ၀၊ L-size တိုရှည်မှာ ကျပ် ၇၅၀ဝ- ၈၀ဝ၀၊ ဂါဝန် M-size မှာ ကျပ် ၄၁၀ဝ- ၄၅၀ဝ၊ L-size  မှာ ကျပ် ၄၃၀ဝ-၄၈၀ဝ၊ မျက်နှာသုတ်ပဝါတစ်ထည်ဈေးနှုန်းမှာ ကျပ်၂၀ဝ၀၊ လက်သုတ်ပဝါ ၁၀ ထည် ဈေးနှုန်းမှာ  ကျပ် ၅၀ဝ၀၊ အမျိုးသားဝတ် ချည်ချော လုံချည်တစ်ကွင်း ဈေးနှုန်းမှာ ကျပ် ၅၅၀ဝ-၆၀ဝ၀၊ ၁၀ ကွင်း ဈေးနှုန်းမှာ ကျပ် ၄၆၀ဝ၊ ရာချီဈေးနှုန်းမှာ ကျပ် ၄၃၅၀ များရှိကြောင်း သိရှိရသည်။

မြင်းခြံခရိုင်အတွင်း မြန်မာချည်ထည်များ ရက်လုပ်မှုအနေဖြင့် မြင်းခြံမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ တောင်သာမြို့နယ် နန်းမြင့်ကျေးရွာနှင့် မိထ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ ရွာတန်းရှည်ကျေးရွာမှလည်း လက်ရက်ကန်း၊ စက် ရက်ကန်းများဖြင့် မြန်မာချည်ထည်များ ရက်လုပ်ကြကြောင်း သိရှိရပြီး မြင်းခြံမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း တစ်နိုင်တစ်ပိုင်စက်ချုပ်လုပ်ငန်းများ လုပ်ကိုင်ကြကြောင်းနှင့် အိမ်ယူ၍လည်း လက်ခစားဖြင့် ချုပ်လုပ်ပေးကြောင်း သိရှိရပါသည်။ 

စက်ရက်ကန်း၊ လက်ရက်ကန်းများဖြင့် ဒေသထွက်ချည်ထည်များ ချုပ်လုပ်နေရသဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်များရရှိ၍ အဆင်ပြေလျက်ရှိသည်။ ဒေသတစ်ခုအနေဖြင့် ဒေသထွက်ကုန်များ လူသိများပြီး အသိအမှတ်ပြုလာပါက ဒေသခံ ပြည်သူများသာမက ဒေသအတွက်လည်း များစွာအကျိုးဖြစ်ထွန်းစေသည်။ 

မြင်းခြံ၊ မိထ္ထီလာ၊ ဝမ်းတွင်းထွက် (Organic) ချည်ထည်များကို ဂျပန်နိုင်ငံသို့လည်းတင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ချုပ်ခဈေးနှုန်းများမှာ ကိုက်ပြီးအထည်အား တွဲခ/ချုပ်ခ ဘောင်းဘီတစ်ထည်လျှင် ၇၀၊ ၇၅ ကျပ်၊ သင်္ဘောသားတစ်ထည်ချုပ်ခ ၂၅၀ ကျပ်၊ ဂါဝန် တစ်ထည်ချုပ်ခ ၃၀ဝ ကျပ် ကျသင့်ပြီး တစ်ဦးလျှင် တစ်ရက်ကို စွဲမြဲစွာချုပ်လုပ်ပါက အထည် ၅၀ ခန့်ချုပ်လုပ်နိုင် ကြောင်းနှင့်  မြန်မာ့ချည်ထည်များကို ရန်ကုန်၊ မန္တလေး မြို့ကြီးများအပါအဝင် မြို့နယ်ပေါင်း ၁၀ဝ ကျော်ကို ဖြန့် ဖြူးရောင်းချလျက်ရှိပြီး မြင်းခြံမြို့တွင် ဒေသထွက် နဖျင်းထည်များကို အရောင်အသွေးစုံ၊  ဆိုဒ်စုံ၊   ဒီဇိုင်းစုံစွာနှင့် တိုင်းရင်းသားရိုးရာ ဝတ်စုံများကိုလည်း ဈေးနှုန်းချိုသာစွာ လက်လီ လက်ကား ဝယ်ယူနိုင်ပါကြောင်း သိရှိရသည်။                                                            

ဖြိုးအိမွန်