Main menu

Background

ဆန်နှင့် ဆန်ကွဲ တင်ပို့မှုဆိုင်ရာ လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ရှင်းလင်း

Mon, 07/03/2023 - 11:06 -- journal_editor

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်နှင့်  ဆန်ကွဲတင်ပို့ရာတွင် တရုတ်အကောက်ခွန်ဌာန၌ မှတ်ပုံတင်ခွင့်ရရှိရေးအတွက် Sanitary and Phyto- sanitary – SPS Protocol ဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် ရှင်းလင်းပွဲတစ်ခုကို ဇွန် ၁၄ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် သီးနှံကာကွယ် ရေးဌာန၊  မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန် ရှိသူများက တရုတ်နိုင်ငံသို့ ဆန်နှင့်ဆန် ထွက်ပစ္စည်းများတင်ပို့မည့် ကုမ္ပဏီများ  မှတ်ပုံတင်ရာတွင်  လိုအပ်ချက်များကို အသိပညာပေးမှုများကို လုပ်ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ကြိတ်ခွဲထုတ်လုပ် သိုလှောင်မည့် ဆန်ကြိတ်ခွဲစက်များ၊ သိုလှောင်ရုံများ၏ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ လုပ်သားများ၏ ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်ထားရမည့်  အချက်များ၊ အမှန်တကယ် သင်္ဘောတင်စဉ်၌ ဆောင်ရွက်ရမည့် အချက်များကို မြန်မာကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်မှ တာဝန်ရှိသူများက အသေးစိတ် ရှင်းလင်းပို့ချပေးခဲ့သည်။    
ကုန်ကြမ်းနှင့် ကုန်ချောသိုလှောင်ရုံ/ စက်ရုံများ၏ အခြေခံအဆောက်အအုံပိုင်း (Infrastructure) ဆိုင်ရာ ကိုးချက်၊ လုပ်သားများ၏ ကျန်းမာရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးအပိုင်း (Hygiene) မှာ ခြောက်ချက်၊ ပြည်ပသို့ တင်ပို့ရန်  အမှန်တကယ် ဆောင်ရွက်ချိန်မှာ လုပ်ဆောင်ထားရမှာ သုံးချက်နှင့်စပ်လျဉ်းပြီး  ယခင်စစ်ဆေးခဲ့စဉ်က ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံများကို အခြေခံကာ Powerpoint များဖြင့် အကျယ်တဝင့် ဆွေးနွေးခဲ့သည်။
စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ဆန်စက်ပိုင်းဆိုင်ရာ  စစ်ဆေးခဲ့ရမည့်အပိုင်းမှာ အစစ်ဆေးခံ ဆန်စက်ကြိတ်ခွဲလည်ပတ်သည့် ခုနှစ်၊ တစ်ရက်လျှင် အနည်းဆုံး တန် ၅၀ ကြိတ်ခွဲနိုင်ခြင်း ရှိ၊ မရှိ၊ အဆင့်မြင့် ပြည်ပပို့ ဆန်ကြိတ်အဆင့်အတန်း (Well Milled) ကြိတ်ခွဲနိုင်ခြင်း ရှိ၊ မရှိ၊ ဆန်၊ ဆန်ကွဲ အရောင်တင်စက် (Wet Polisher) များ တပ်ဆင်ထားခြင်း ရှိ၊ မရှိနဲ့ ဆန်၊ ဆန်ကွဲ အရောင်ရွေးစက် (Colour Sortex) တပ်ဆင်ထားခြင်း ရှိ၊ မရှိတို့စပ်လျဉ်းပြီး အသေးစိတ်ရှင်းလင်း ပို့ချခဲ့သည်။ 
စိုက်ပျိုးရေးဦးစီးဌာနမှ  SPS Protocol အရ ကွင်းဆင်းစစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းပြီး  စစ်ဆေးမည့်အချက်များ၊  ဆောင်ရန် ရှောင်ရန်များကို ဆွေးနွေးပို့ချခဲ့သည်။ ဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ်ချက်ကတော့  ဆန်တင်ပို့ရာမှာ ကုန်သွယ်ဖက် ပြည်ပနိုင်ငံများက သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ လိုက်နာရန်အချက်များသိရှိစေဖို့၊ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ဆန်နှင့် ဆန်ထွက်ပစ္စည်းများ တင်ပို့နိုင်စေရန်နှင့် ပြည်တွင်းမှာလည်း အရည်အသွေး မီသောဆန်များ  ရရှိစေရေး ရည်ရွယ်ပြီး မြန်မာနိုင်ငံ  ဆန်စပါးအသင်းချုပ်က ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ 
ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများ ဆက်စပ်အသင်းအဖွဲ့များ၊ ဆန်စက်၊ ဆန်စပါးလုပ်ငန်းကဏ္ဍများမှ ကိုယ်စား လှယ် ၃၀ဝ ကျော်ခန့် တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

GACC = General Administration of China Customs 
KKCM