Main menu

Background

ယခုတစ်ပတ်ဆန်နှင့်ဆန်ကွဲ တန်ချိန် တစ်သောင်းသုံးထောင်ကျော်တင်ပို့

Thu, 10/08/2020 - 15:13 -- journal_editor

စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ၂ ရက်တာကာလအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၇၉ သန်းတန်ဖိုးရှိ ဆန်တန်ချိန် လေးထောင်ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဆန် တန်ချိန် ၃၈၀၀ ခန့်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၈၀ ခန့်နှင့်တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၂၀၀ နီးပါး တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် တန်ချိန် ၁၅၀၀ ကျော်ပိုမိုခဲ့ကြောင်း သိရသည်။

ယခုတစ်ပတ်ဆန်ကွဲတင်ပို့မှုအနေဖြင့် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ သုည ဒသမ ၃၉၃ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၁၃၀၀ နီးပါး တင်ပို့နိုင်ခဲ့ကြောင်း သိရသဖြင့် ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၂၀၀ နီးပါး လျော့နည်းတင်ပို့ခဲ့ ကြောင်း သိရသည်။

စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၃ ရက်တာကာလအတွင်း ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၈၀ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၄၂၀၀ ခန့်တင်ပို့နိုင်ကြောင်း သိရသည်။ တင်ပို့မှုများမှာ အီးယူနိုင်ငံများသို့ဆန် တန်ချိန် ၂၁၀၀ ကျော်နှင့်အာရှနိုင်ငံများ သို့ ဆန်တန်ချိန် ၂၁၀၀ နီးပါးသာ တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ဆန် တင်ပို့မှု ၄၅၀၀ ကျော် လျော့နည်းခဲ့ကြောင်း သိရသည်။

ယခုတစ်ပတ် ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၀၁ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၃၈၀၀ ကျော်တင်ပို့နိုင်ကြောင်း သိရသည်။ တင်ပို့မှုများမှာ အီးယူနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၂၁၀၀ နီးပါးနှင့်အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၁၇၀၀ ကျော်သာတင်ပို့ နိုင်သဖြင့် ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ဆန်ကွဲတန်ချိန် ၆၀၀၀ ကျော် လျော့နည်း ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ဒုတိယလှိုင်းပြင်းထန်နေသဖြင့် ယခုတစ်ပတ် ဆန်နှင့် ဆန်ကွဲတင်ပို့မှု စုစုပေါင်းတန်ချိန် ၁၃၀၀၀ ကျော်သာတင်ပို့နိုင်ပါသည်။ ယခင်တစ်ပတ်တင်ပို့မှု နှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၉၀၀၀ ကျော်လျော့နည်းခဲ့ ကြောင်း သိရသည်။

  အေးအေးသန့်