Main menu

Background

ပြည်ပဲစျေးကွက်သို့ ဆောင်းပဲသစ်အချို့စတင်၀င်ရောက်လာပြီဖြစ်

Wed, 11/18/2020 - 14:55 -- journal_editor

ယခုအပတ် ပြည်မျိုးစုံစျေးကွက်သို့ ဆောင်းပဲသစ်အချို့၀င်ရောက်လာသလို ပဲဟောင်းလက်ကျန် များလည်း အရောင်းအ၀ယ်ဖြစ်နေခဲ့တာကိုတွေ့ရပါတယ်။ ပဲတီစိမ်းနှင့် ဘိုကိတ်ပဲသစ်များ၀င်ရောက်ခြင်းဖြစ်ပြီး ကျန်ပဲများကတော့ ပဲဟောင်းလက်ကျန်များသာ ၀ယ်လက်အပေါ်မူတည်၍ အရောင်းအ၀ယ်ဖြစ်ခဲ့ပါတယ်။

မတ်ပဲ

            မတ်ပဲသီးနှံမှာပဲ၀င်ရောက်မှုမရှိဘဲ ပဲဟောင်းလက်ကျန်များ ရန်ကုန်၀ယ်လက်၀ယ်ယူသည့်ရက်တွင် ရောင်းချမှုရှိခဲ့ပါတယ်။ နေ့စဉ်အ၀ယ်မရှိဘဲ ရက်ခြား၀ယ်ယူနေတဲ့အတွက် အရောင်းအ၀ယ်ဖြစ်သည့်ရက်တွင် အိတ် ၂၀၀ ကျော် ရောင်း၀ယ်မှုဖြစ်ခဲ့ပါတယ်။ မျိုးပဲသမားများလည်း၀ယ်ယူလာခဲ့လို့ လက်ကားသမားအပြင် မျိုးပဲများပါအရောင်းအ၀ယ်ဖြစ်ခဲ့ကြပြီး ပဲစျေးနှုန်းအနေဖြင့် တစ်တင်း ၃၆၀၀၀ ကျပ်ဖြင့် ပဲစျေးအေးသွားခဲ့ ပါတယ်။ မျိုးပဲစျေးနှုန်းကတော့ တစ်တင်း ၄၀၀၀၀ ကျပ်ဖြင့် ရောင်း၀ယ်နေခဲ့ကြောင်းသိရပါတယ်။

ပဲတီစိမ်း

            ပဲတီစိမ်းသစ်များ အခုရက်ပိုင်းအထွက်လှိုင်လာတဲ့အတွက် ပဲ၀င်ရောက်မှုတစ်ရက်အိတ် ၇၀၀/၈၀၀ ကျော်၀င်ရောက်လာခဲ့ပါတယ်။ ပန်းတောင်း၊ ကံမ၊ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ၀က်ထီးကန်ဒေသများမှ ၀င်ရောက်ခြင်းဖြစ်ပြီး မန္တလေးလိုင်းသမားအဓိက၀ယ်ယူကာ ရန်ကုန်၀ယ်လက်သမားအချို့လည်း ၀ယ်ယူနေ တယ်လို့သိရပါတယ်။ ဒါ့ကြောင့် ၀င်ရောက်လာသမျှ အရောင်းအ၀ယ်ဖြစ်ခဲ့ပြီး ပဲစျေးကွက်မှာ အရောင်းအ၀ယ် အသွက်ဆုံးဖြစ်ခဲ့ပါတယ်။ စျေးနှုန်းအနေဖြင့် တစ်တင်း ၄၂၅၀၀ ကျပ်ဖြင့် ပဲသစ်၀င်စအချိန်စျေးထက် စျေးထပ်မြင့်တက်လာခဲ့ကြောင်းသိရပါတယ်။

ကုလားပဲ

            ကုလားပဲသီးနှံကတော့ ပဲစျေးကွက်မှာ ပုံမှန်ရောင်း၀ယ်မှုဖြစ်နေခဲ့ပြီး ဒေသတွင်းခွဲစက်သမားများ၀ယ်ယူနေခဲ့ပါတယ်။ တစ်ရက်အိတ် ၂၀၀ ကျော်အရောင်းအ၀ယ်ဖြစ်ပြီး ပဲစျေးမှာတစ်တင်း ၃၁၅၀၀ ကျပ်ဖြင့် စျေးငြိမ်ရောင်း၀ယ်နေခဲ့ကြကာ တစ်ခါတစ်ရံမျိုးပဲသမားလည်း ၀ယ်ယူနေခဲ့ကြောင်း သိရပါတယ်။ကုလားပဲသီးနှံ၏ ယခင်နှစ်က ယခုချိန်ကာလပေါက်စျေးနှုန်းအနေဖြင့် တစ်တင်း ကျပ် ၂၈၅၀၀ သာ ရရှိခဲ့တဲ့အတွက် ယခုနှစ်တစ်တင်း ကျပ် ၃၁၀၀၀ (မျိုးပဲ၀ယ်ယူချိန်) ဖြင့် စျေးမြင့်လာခဲ့တာကြောင့် ယခုနှစ် ကုလားပဲစျေးနှုန်းယခင်နှစ်ထက် စျေးပိုရနေကြောင်းသိရပါတယ်။

ဗိုလ်ကိတ်ပဲ

            ပဲစျေးကွက်သို့ ယခုအပတ်အတွင်း ဗိုလ်ကိတ်ပဲသစ်အချို့၀င်ရောက်လာခဲ့ပြီး တစ်ရက်အိတ် ၂၀/၃၀ခန့် ပန်းတောင်း၊ ကံမဖက်မှ ၀င်ရောက်ခဲ့တယ်လို့သိရပါတယ်။ အရောင်းအ၀ယ်ဖြစ်မှုအနေဖြင့် ပဲ၀င်ရောက်မှုနည်းနေခဲ့သည့်အချိန်ဖြစ်သည့်အတွက် မြို့တွင်းလက်လီသမားဖြင့်သာ ရောင်း၀ယ်နေခဲ့ကြရပါတယ်။ ပဲအထွက် လှိုင်ချိန် ၀င်ရောက်မှုများလာလျှင်တော့ လက်လီ/လက်ကား အရောင်းအ၀ယ် သွက်နိုင်ကြောင်းသိရပါတယ်။ ပဲသစ်စျေးအဖွင့်စျေးမှာတစ်တင်း ကျပ် ၄၂၀၀၀ ရရှိခဲ့တာကြောင့် ယခုနှစ်မှာလည်းဗိုလ်ကိတ်ပဲသီးနှံစျေးကောင်းဆက်ရနေကြောင်းသိရပါတယ်။

ခင်ဆွေ၀င်း(ပြည်)