Main menu

Background

ယခုတစ်ပတ်ဆန်နှင့်ဆန်ကွဲ တန်ချိန် ခြောက်သောင်းကျော်တင်ပို့

Thu, 11/19/2020 - 14:04 -- journal_editor

နိုဝင်ဘာ ၇ ရက်မှ ၁၃ ရက်တာကာလအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်များမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၀၃၅ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၂၃၆၈၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၂၀၉၅၀ ခန့်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၂၃၆၀ ကျော်နှင့် လွယ်ဂျယ်ကုန်သွယ် ရေးစခန်းမှ ဆန်တန်ချိန် ၃၇၀ ခန့် တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ် တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၁၂၀၀ ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါသည်။ မြဝတီကုန်သွယ်ရေးဇုန်မှလည်း အမေရိကန်ဒေါ်လာ သုည ဒသမ ၃၃၉ သန်း တန်ဖိုးရှိ ဆန်မှုန့်တန်ချိန်  ၈၇၀ နီးပါး တင်ပို့နိုင်ခဲ့သည်။

ယခုတစ်ပတ်ဆန်ကွဲတင်ပို့မှုအနေဖြင့် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၂ ဒသမ ၀၁၃ သန်းတန်ဖိုးရှိ ဆန်ကွဲ တန်ချိန် ၅၇၉၀ တင်ပို့နိုင်ကြောင်း သိရသဖြင့် ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ဆန်ကွဲတန်ချိန် ၅၀၀ နီးပါး လျော့နည်းခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၈ ရက်မှ ၁၄ ရက်နေ့ကာလအတွင်း ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ  ၇ ဒသမ ၉၈၃ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၉၉၇၀ ကျော် တင်ပို့ခဲ့ကြောင်း သိရ သည်။

တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၇၀၀၀ ကျော်နှင့် အီးယူနိုင်ငံများသို့ ဆန်တန်ချိန် ၂၉၇၀ တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ်တင်ပို့နိုင်မှုနှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၄၀၀၀ ကျော် ပိုမိုခဲ့ကြောင်း သိရသည်။

ယခုတစ်ပတ် ပင်လယ်ရေကြောင်းမှ ဆန်ကွဲတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၆၀ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန်  ၁၃၆၀၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။ တင်ပို့မှုများအနေဖြင့် အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၁၀၉၀၀ နှင့် အီးယူနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၂၇၀၀ ခန့် တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ဆန်ကွဲတန်ချိန် ၁၉၅၀၀ ခန့်လျော့နည်းတင်ပို့ခဲ့ကြောင်း သိရသည်။

ယခုတစ်ပတ်ဆန်နှင့်ဆန်ကွဲတင်ပို့မှုစုစုပေါင်းတန်ချိန် ၆၃၀၅၀ ​ကျော်ရှိသဖြင့်  ယခင် တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ဆန်ကွဲတန်ချိန် ၁၄၅၀၀ ကျော် လျော့နည်းတင်ပို့နိုင်ခဲ့ ကြောင်း သိရသည်။

                                                                                           

အေးအေးသန့်