Main menu

Background

ပြည်ပဲမျိုးစုံစျေးကွက်မှာ ဆောင်းပဲသစ်များ၀င်ရောက်နေပြီး ပဲတီစိမ်းသီးနှံ စျေးကောင်းရနေသလို အရောင်းအ၀ယ်သွက်နေခဲ့

Thu, 11/26/2020 - 11:23 -- journal_editor

ပြည်ပဲမျိုးစုံစျေးကွက်အတွင်း ဆောင်းပဲသစ်များ၀င်ရောက်လျက်ရှိပြီး အချို့ပဲများကလည်း ပဲဟောင်းလက်ကျန်များဖြင့် ရောင်း၀ယ်နေလျက်ရှိကြပါတယ်။ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီးသီးနှံများမှာ ပဲသစ်၀င်ရောက်ခြင်းမရှိဘဲ ပဲဟောင်းလက်ကျန်များဖြင့်သာ ရောင်း၀ယ်နေခဲ့ကြပါတယ်။ ဒါကြောင့် မတ်ပဲနှင့်ပဲစင်းငုံသီးနှံ များနေ့စဉ် အရောင်းအ၀ယ်မဖြစ်ဘဲ ရက်ခြားရောင်းချမှုရှိခဲ့ပါတယ်။

မတ်ပဲ

မတ်ပဲသီးနှံ အနေဖြင့် ပဲဟောင်းလက်ကျန်များရှိသော်လည်း ရန်ကုန်၀ယ်လက်၀ယ်ယူမှုအပေါ် ရောင်း၀ယ်နေရပြီး နေ့စဉ်မဖြစ်ဘဲ ရက်ခြားသာရောင်း၀ယ်ခဲ့ရပါတယ်။ ဒါ့ကြောင့် အရောင်းအ၀ယ်မဖြစ်သည့်ရက်မှာ တစ်ရက်အိတ် ၂၀၀ ကျော်ရောင်းချခဲ့ရကာ ပဲစျေးမှာလည်း တစ်တင်းကျပ် ၃၃၈၀၀ ဖြင့် စျေးလျော့ရောင်း၀ယ်နေခဲ့တာကြောင့် ယခင်လကရရှိခဲ့သော စျေးထက်စျေးလျော့နေခဲ့ပါတယ်။ ယခင်နှစ်က နို၀င်ဘာလကုန်စျေးမှာ တစ်တင်းကျပ် ၃၄၀၀၀ ရရှိခဲ့တဲ့အတွက် ယခုနှစ်စျေးလျော့သွားတယ်ဆိုသော်လည်း ယခင်နှစ်စျေးထက်တော့ မလျော့ခဲ့ကြောင်းသိရပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းသီးနှံမှာ ပဲအထွက်လှိုင်လာတဲ့အတွက် စျေးကွက်သို့ပဲသစ်များ ဆက်တိုက်၀င်ရောက်ခဲ့ပြီး တစ်ရက်အိတ် ၇၀၀/၈၀၀ ကျော်၀င်ရောက်လာခဲ့ပါတယ်။ ပန်းတောင်း၊ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ၀က်ထီးကန် ဒေသများနှင့် မင်းတုန်း၊ ကံမဘက်မှလည်း ၀င်ရောက်ခဲ့သလို ၀ယ်လက်ကတော့ မန္တလေးလိုင်းသမားနှင့် ရန်ကုန်၀ယ်လက်ပါ ၀ယ်ယူနေတယ်လို့သိရပါတယ်။ ပဲတီစိမ်းစျေးမှာတော့တစ်တင်းကျပ် ၄၃၂၀၀ ဖြင့် ယခင်ပတ်ထက်စျေးပိုရလာပြီး ပဲစျေးကွက်မှာစျေးလည်းကောင်း၊ အရောင်းအ၀ယ်လည်းသွက်နေတဲ့ ပဲသီးနှံဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။

ကုလားပဲ

ကုလားပဲသီးနှံမှာ ပဲဟောင်းလက်ကျန်များရှိနေပြီး ခွဲစက်သမားနေ့စဉ် ပုံမှန်အ၀ယ်ရှိကာ တစ်ရက်လျှင်အိတ် ၂၀၀ ကျော် အရောင်းအ၀ယ်ဖြစ်ခဲ့ကြပါတယ်။ တစ်ခါတစ်ရံရန်ကုန်၀ယ်လက်သမားအချို့ ၀ယ်ယူမှုရှိကြောင်းသိရပါ တယ်။ ပဲစျေးမှာတစ်တင်းကျပ် ၃၀၀၀၀ ဖြင့် ပဲအမျိုးအစားလိုက်၍ စျေးကွာခြားမှုရှိခဲ့ကြပါတယ်။ ယခင်နှစ်ကကုလားပဲသီးနှံစျေးတစ်တင်းကျပ် ၂၉၀၀၀ ဖြင့် ယခုကာလတွင် ရောင်း၀ယ်ခဲ့ကြတဲ့အတွက် ယခုနှစ်စျေးအနည်းငယ် ပိုရနေကြောင်းသိရပါတယ်။

ပဲကြီး

ပဲကြီးသီးနှံမှာ ပဲဟောင်းလက်ကျန်များနေ့စဉ် အရောင်းအ၀ယ်ဖြစ်ခဲ့ကြကာ အိတ် ၂၅၀/၃၀၀ ကျော် ရောင်း၀ယ်မှုဖြစ်ခဲ့ပါတယ်။ ပဲကြော်ဖိုလုပ်ငန်းသမားများ နေ့စဉ်၀ယ်ယူနေကြပြီး (ရွှေကျွန်း) တစ်တင်းကျပ်  ၃၆၀၀၀၊ (ကမ်းနား) တစ်တင်းကျပ်  ၃၃၀၀၀ ဖြင့် အသီးသီးအရောင်းအ၀ယ်ဖြစ်လျှက်ရှိခဲ့ကြကာ ယခင်ပတ်နှင့်စျေးကွာခြားမှု့သိပ်မဖြစ်ဘဲ စျေးငြိမ်ရောင်း၀ယ်နေခဲ့ကြတယ်လို့သိရပါတယ်။

ခင်ဆွေ၀င်း(ပြည်)