Main menu

Background

ပန်းဂေါ်ဖီထုပ် စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေ

Tue, 01/10/2023 - 10:15 -- journal_editor

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ဒေသထွက် ပန်းဂေါ်ဖီထုပ်ကို ရာသီပေါ် သီးနှံအဖြစ် စပါးများရိတ်သိမ်းပြီးချိန်၌ မြေပြန့်လွင်ပြင်များတွင် နွေ၊ မိုး၊ ဆောင်းရာသီမရွေး စိုက်ပျိုးနိုင်သော်လည်း ဆောင်းရာသီ၌သာ အများဆုံး စိုက်ပျိုးကြသည်။ မြေပြန့်ဒေသများဖြစ်သော ယန်းလော၊ ကတ်ထိုက်၊ လွယ်လုံ၊ မိုင်းလတ်၊ မိုင်းဇင်း ကျေးရွာအုပ်စုတို့တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့် အခြေအနေများကို စိုက်ပျိုးသည့် တောင်သူကြီးများထံမှ မေးမြန်းခဲ့သည်။

ပန်းဂေါ်ဖီထုပ်မျိုးစေ့များကို EAST WEST SEED (ဒေသအခေါ် မြှားနီ)အမှတ်တံဆိပ် (10g) တစ်ထုပ်လျှင် ကျပ် ၁၅၀ဝ၀ ဈေးရှိပြီး ငါးထုပ်လျှင် ကျပ် ၇၅၀ဝ၀ ဖြင့် ဝယ်ယူ၍ တစ်လကြာမြင့်သည်အထိ ပျိုးထောင်ရသည်။ ပျိုးထောင်ချိန်တွင် ပန်းဂေါ်ဖီထုပ် စိုက်ပျိုးမည့်မြေနေရာကို မြေပြုပြင်ခြင်း ဆောင်ရွက်ရာတွင် လုပ်အားခအနေဖြင့် တစ်ဧကလျှင် ကုန်ကျငွေစုစုပေါင်း ကျပ်သုံးသိန်းကျော် ခန့်ပေးရသည်။ ပန်းဂေါ်ဖီထုပ်၏ တစ်ဧက စိုက်ပျိုးရန်အတွက် အဓိကလိုအပ်သော သွင်းအားစုများမှာ သဘာဝမြေဆွေးအိတ် ၈၀ လျှင် ကျပ်တစ်သိန်းကျော်ခန့်၊ ကြက်ချေးရှစ်အိတ်လျှင် ကျပ် လေးသောင်းခန့်၊ နွားချေး  အိတ် ၅၀ လျှင် ကျပ် တစ်သိန်းကျော်၊ MPK ကွန်ပေါင်း (၁၅ပတ်လည်) နှစ်အိတ်လျှင် ကျပ် နှစ်သိန်းကျော်ခန့်ဈေးရှိပြီး ပိုးသတ်ဆေးနှစ်ဘူးလျှင် ကျပ်နှစ်သောင်းကျော်ခန့်၊ အပင်အားတိုးဆေးနှစ်ဘူးလျှင် ကျပ် နှစ်သောင်းခန့်တို့ဖြစ်ကြသည်။

ပန်းဂေါ်ဖီထုပ်အပင်များ ကြီးထွားရန်အတွက် ရေလုံလောက်စွာရရှိရန် လိုအပ်ကြောင်းနှင့် ပျိုးသက်တမ်း တစ်လကြာပြီးနောက် ပျိုးပင်ပေါက်များကို မြေပြုပြင်ထားသည့်နေရာတွင် ပေခြားတန်းခြား နှစ်ပေပတ်လည်၌ တစ်ပင်နှုန်း စိုက်ပျိုးကြသည်။ တစ်ဧကလျှင် အပင်စုစုပေါင်း တစ်သောင်းကျော်ခန့် စိုက်ပျိုး၍ အပင်စိုက်ခ ကျပ် တစ်သိန်းနှင့် ပေါင်းရှင်းခ ကျပ်တစ်သိန်း ကုန်ကျသည်။ အချိန်ကာလ နှစ်လအကြာ၌ ပန်းဂေါ်ဖီထုပ် ခူးဆွတ်ချိန်တွင် ရိတ်သိမ်းခ ကျပ် တစ်သိန်း ကုန်ကျသည်။ ခူးဆွတ်ပြီး ပန်းဂေါ်ဖီထုပ်များကို ကျိုင်းတုံမြို့ မြို့မဈေး၌ အရွယ်အစားပေါ်မူတည်၍ လက်ကားဈေး တစ်လုံးလျှင် ကျပ် ၄၀ဝ မှ ကျပ် ၆၀ဝ ထိရရှိပြီး လက်လီဈေးတစ်လုံးမှာ ကျပ် ၁၀ဝ၀ မှ ကျပ် ၁၅၀ဝ အထိ ပေးဝယ်ရကြောင်း သိရှိရသည်။ ပန်းဂေါ်ဖီထုပ်စိုက်ပျိုးသော တစ်ဧက စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ် ၁၂ သိန်းကျော်ခန့်ဖြစ်ပြီး တစ်ဧကအထွက်နှုန်းမှာ အလုံးအရေအတွက် ၈၀ဝ၀ ခန့်  ထွက်ရှိသည်။ ရောင်းရငွေမှာ  လက်ကား အနိမ့်ဆုံးဈေးဖြင့်တွက်လျှင် ကျပ် ၃၂ သိန်း ခန့်ရရှိ၍ တစ်ဧကအကျိုးအမြတ်မှာ ကျပ်၁၉ သိန်း ခန့် ရရှိကြောင်း သိရသည်။

ပြည့်စုံ

DOCA (ရှမ်းအရှေ့)