Main menu

Background

မွန်ပြည်နယ် နေလှန်းဆား ယခင်နှစ်ထက် ဈေးနှစ်ဆကျော် ရရှိ

Wed, 02/15/2023 - 14:50 -- journal_editor

မွန်ပြည်နယ်အတွင်းရှိ   နေလှန်းဆားဈေးကွက်ပေါက် ဈေးမှာ ပြီးခဲ့ သည့် ၂၀၂၂ ခုနှစ် ကာလတူထက် ဈေးနှစ်ဆ ကျော်ရရှိနေကြောင်း   ဆားလုပ်ငန်း  လုပ်ကိုင်သူများထံမှ သိရသည်။
ဒေသဆားဈေးကွက်သည်  ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းက ဆားအသစ် တစ်ပိဿာလျှင် ကျပ် ၈၀ ဝန်းကျင်ရရှိခဲ့ပြီး  ယခု ၂၀၂၃ ခုနှစ်တွင်  ဇန်နဝါရီလကုန် ပိုင်းအထိ ဆားအသစ်  တစ်ပိဿာ ၁၈၀ ကျပ် ဝန်းကျင်ပေါက် ဈေးရရှိနေခြင်းဖြစ်သည်။
"ဒီထက်  ဈေးပိုရလာရင်တော့ အဆင်ပြေလာမယ်။ ဒါပေမဲ့ ဆားထွက်တဲ့ မတ်လနဲ့ဧပြီလတွေမှာ မိုးမမိဖို့လည်း လိုတယ်"ဟု  မွန်ပြည်နယ် ရေးမြို့နယ်အတွင်းမှ ဆား လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
ယခုလာမည့် ဆားရာသီအတွက်  နေလှန်းဆား ၄၄၅၃ ဧက လုပ်ကိုင်မည်ဟုသိရပြီး ဆားတန်ချိန် ၄၅၀ဝ ထုတ်သွား မည်ဖြစ်ကြောင်း   ပြည်နယ် ဆားလုပ်ငန်းဦးစီးဌာနက ဆိုထားသည်။ ပြီးခဲ့သည့်  ၂၀၂၂ ခုနှစ်အတွင်း မွန်ပြည်နယ်၌ ဆားဧက ၄၂၄၁ ဒသမ ၉၀ ဧက လုပ်ကိုင်ခဲ့ပြီး ယခုနှစ် တွင်တော့ ဆားလုပ်ငန်းဧက ၄၄၅၃ ဧကအထိ တိုးချဲ့လုပ်ကိုင် မှုများရှိနေကြောင်း သိရသည်။ 
မွန်ပြည်နယ်အတွင်း နေလှန်းဆားလုပ်ငန်းများကို ရေး၊ သံဖြူဇရပ်နှင့် ပေါင်မြို့နယ်တို့တွင် လုပ်ကိုင်နေခြင်းဖြစ်ပြီး နှစ်စဉ်  ဆားတန်ချိန် ၄၀ဝ၀ဝ ကျော် ထွက်ရှိနေသလို ထွက်ရှိ လာသည့် နေလှန်းဆားများကိုတော့  မန္တလေး၊ ရန်ကုန်အပါအဝင်  တိုင်းနှင့် ပြည်နယ်အသီးသီးသို့  အဓိက တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။ 

ပန်ဆု