Main menu

Background

ဆေးဝါးများ တိုက်ရိုက်ရောင်းချမည့် အရောင်းစင်တာများ တိုးချဲ့ဖွင့်လှစ်မည်

Tue, 08/06/2024 - 14:30 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းမှ ဦးဆောင်၍ ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ ဈေး သက်သက်သာသာဖြင့် ဆေးဝါးများ တိုက်ရိုက်ရောင်းချနိုင် မည့် အရောင်းစင်တာများကို တိုးချဲ့ဖွင့်လှစ် သွားမည်ဖြစ် ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်း ရှင်များအသင်းအနေဖြင့် ဆေးကုမ္ပဏီများမှ မိဘပြည်သူများ ထံ ဆေးဝါးတိုက်ရိုက်ရောင်းချနိုင်မည့် အရောင်းစင်တာများ အား ရန်ကုန်မြို့တွင် အရောင်းစင်တာ နှစ်ခု၊ ပဲခူးတိုင်း ဒေသ ကြီးတွင် အရောင်းစင်တာတစ်ခု  ဖွင့်လှစ်ရောင်းချပေးခဲ့ပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ပြည်သူ များ၏  လိုအပ်ချက်အပေါ် မူတည်ကာ ဆက်လက် တိုးချဲ့ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။  
"အခုလိုမျိုးရောင်းချတဲ့အတွက် ပြည်သူတွေအနေနဲ့ ဈေးသက်သက်သာသာနဲ့   ဆေးဝါးတွေရတဲ့အခါကျတော့ အဆင်ပြေတယ်။ ဆေးဝါးလာဝယ်တဲ့သူတွေအနေနဲ့လည်း အခုလိုမျိုး ဈေးသက်သက်သာသာနဲ့ ရတဲ့အတွက် ဝမ်းသာကြ တယ်။ နောက်တစ်ခုက ထူးခြားတာကHealth Center ဆိုပြီး ဆရာဝန်လေးတွေ ထိုင်တယ်။  အကြောင်းအမျိုးမျိုးကြောင့် ပစ္စည်းပြတ်နေတဲ့ ဆေးတွေရှိခဲ့မယ်ဆိုရင်လည်း ဘယ်ပစ္စည်း တွေက အလားတူ ဘယ်လိုပစ္စည်းတွေရှိမလဲပေါ့။ သောက်လို့ ရတယ်ဆိုတာမျိုးကို ရှင်းပြတဲ့ ဆရာဝန်အဖွဲ့လည်းရှိပါ တယ်။ ဆေးဝါးရဖို့ အခက်အခဲရှိတဲ့ မိဘပြည်သူတွေအနေနဲ့လည်း အဆင်ပြေ သွားတာပေါ့"ဟု မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း ပြန်ကြားရေးတာဝန်ခံ ဒေါက်တာ ဝင်းမော်ဖြိုးက ပြောသည်။ 
လက်ရှိ ပြင်ပဈေးကွက်၌ ဆေးဝါးများ ဝယ်ယူရာတွင် ဈေးနှုန်းများ ကြီးမြင့်လျက်ရှိရာ သင့်တင့်မျှတသော ဆေးဝါး တွေ ဝယ်ယူရရှိစေရေး ရည်ရွယ်ချက်ဖြင့်  အများပြည်သူများထံ ဆေးဝါးများ တိုက်ရိုက်ရောင်းချမှုအား ၂၀၂၄ ခုနှစ် ဇူလိုင် ၁၇ ရက်က ရန်ကုန်မြို့ရှိ ပန်းဘဲတန်းရှိ မြန်မာကုန်သွယ်ရေး မြှင့်တင်မှုဗဟိုဌာနတွင်  အရောင်းစင်တာ(၁)  ဖွင့်လှစ်ခဲ့ပြီး အရောင်းစင်တာ(၂)အား ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ နဝဒေးရုပ်ရှင်ရုံဝင်း၊     မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန အဆောက်အအုံတွင် လည်းကောင်း၊ အရောင်းစင်တာ (၃) အား  ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင်လည်းကောင်း ဖွင့်လှစ် နိုင်ခဲ့ကြောင်း သိရသည်။ 

 ကိုတိုး