ပဲခူးတိုင်းဒေသကြီးတွင် ဇွန်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏတိုး မြှင့်ခြင်းအဖြစ် အမေရိကန်ဒေါ်လာ ၇ ဒသမ ၂၆ သိန်း တိုးမြှင့်ဝင်ရောက်ခဲ့ကြောင်း ဇွန် ၃၀ ရက်က ပြုလုပ်ခဲ့သည့် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၅)မှ သိရသည်။
ယင်းအစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပဲခူးတိုင်းသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားဆောင်ရွက်သည့် တိုင်းဒေသကြီးတစ်ခု ဖြစ်၍ လယ်ယာသုံးစက်ကိရိယာထုတ်လုပ်ခြင်း၊ ဓာတ်မြေသြဇာ ထုတ်လုပ်ခြင်းနှင့် တိရစ္ဆာန်အစာ ထုတ်လုပ်သည့် လုပ်ငန်းများအပြင် ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ဆိုလာထုတ်လုပ်ခြင်း လုပ်ငန်းများကို ဖိတ်ခေါ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပဲခူး တိုင်းဒေသကြီးအတွင်း၌ တည်ရှိပြီး သော စက်ရုံ အလုပ်ရုံများ ဆက်လက်ရှင်သန် ရပ်တည်နိုင်ရေးနှင့် စက်ရုံ/အလုပ်ရုံများ ထပ်မံရင်းနှီးမြှုပ်နှံလာနိုင်စေရေးတို့ အတွက် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်း အမျိုးအစားကဏ္ဍကြီး ခုနစ်ခု လုံး ဟန်ချက်ညီညီ ရင်းနှီးမြှုပ်နှံမှုတိုးတက်လာစေရန် ဝိုင်းဝန်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောခဲ့သည်။
လက်ရှိတွင် ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၀၉ ဒသမ ၇၄၈ သန်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၁၉၇၀၅၄ ဒသမ ၂၂၁ သန်း ဝင်ရောက်ခဲ့ပြီး ၁၃၃၂၁ ဦးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ခဲ့ ကြောင်း သိရသည်။
ကိုတိုး