Main menu

Background

ကော်ဖီတစ်တန်လျှင် ကန်ဒေါ်လာ ၅၀ဝ၀ခန့် ပေါက်ဈေးရရှိနေ

Thu, 07/14/2022 - 15:09 -- journal_editor

လက်ရှိ မြန်မာ့ကော်ဖီဈေးကွက်မှာ ပြည်တွင်း၊ ပြည်ပဝယ်လိုအားများ ကောင်းမွန်လာသည့်အတွက်ကော်ဖီစေ့တစ်တန်လျှင်  အမေရိကန်ဒေါ်လာ ၅၀ဝ၀ခန့်အထိပေါက်ဈေးရရှိနေကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှသိရ သည်။"တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ကျွန်တော်တို့ဆီမှာ နှစ်စဉ်ကော်ဖီတန်ချိန် ၉၀ဝ၀ ကျော် ထွက်ရှိနေပါတယ်။ ကော်ဖီတစ်တန်ကို  လက်ရှိ ပေါက် ဈေးအမေရိကန်ဒေါ်လာ ၄၅၀ဝကနေ ၅၀ဝ၀အထိ ဈေးရပါတယ်"ဟု အဆိုပါ အသင်း မှ တာဝန်ရှိသူတစ်ဦးက ဇွန ၂၉ ရက်တွင် ပြောသည်။ မြန်မာ့ဒေသထွက်ကော်ဖီများသည် အခြားသောနိုင်ငံများက ထွက်ရှိသည့် ကော်ဖီများထက် အရည်အသွေး စံချိန်စံနှုန်း ပိုမို ကောင်းမွန်သည့်အတွက်   ကမ္ဘာ့ဈေးကွက်တွင် ဈေး ပိုမိုရ ရှိနေခြင်းဖြစ်သည်ဟုဆိုသည်။မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမှထွက်ရှိသည့် ကော်ဖီများကို ဆွစ်ဇာ လန်၊ ထိုင်ဝမ်၊ တရုတ်၊ ထိုင်း၊ အမေရိကန်၊ ဒူဘိုင်း၊ ဗြိတိန်၊ အိုက်စလန်၊ တောင် ကိုရီးယား၊ ဂျပန်နှင့် ဂျာမနီနိုင်ငံများသို့ တင်ပို့ ရောင်းချနေခြင်းဖြစ်သည်။ကိုဗစ်(၁၉)ကပ်ရောဂါကြောင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က  ပြည်ပနိုင်ငံ များသို့ မြန်မာ့ ကော်ဖီတင်ပို့မှုနှုန်းကျဆင်းခဲ့သော်လည်း  ယခုနှစ်တွင် ပုံမှန် တင်ပို့နေရသည့်အခြေအနေသို့ ပြန်လည် ရောက်ရှိ နေပြီဖြစ် ကာ တန် ၅၀ဝ နီးပါး တင်ပို့လျက်ရှိကြောင်းသိရသည်။ပြည်တွင်း၌ ကော်ဖီစိုက်ဧကစုစုပေါင်း နှစ်သိန်းကျော်ကို အကောင်အထည်ဖော် စိုက်ပျိုးလျက်ရှိရာဧက ၅၀ဝ၀ဝကျော်သာ အောင်မြင်ဖြစ်ထွန်းပြီး နှစ်စဉ် ကော်ဖီစေ့ တန်ချိန် ၉၀ဝ၀ ကျော်ထွက်ရှိကြောင်းသိရသည်။ ကော်ဖီကို မြန်မာနိုင်ငံတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်နှင့်  ရှမ်းပြည်နယ် တို့တွင် အများဆုံးစိုက်ပျိုးပြီး   အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် လည်း အနည်းငယ် စိုက်ပျိုး ကြကြောင်းသိရသည်။