Main menu

Background

လူကြိုက်များသော ချင်းပြည်နယ်၏ ရိုးရာအစားအစာ ဆာဘူးသီး

Tue, 08/30/2022 - 15:18 -- journal_editor

ချင်းပြည်နယ်တွင် ချင်းလူမျိုးတို့ ၏ ရိုးရာအစားအစာအဖြစ် ဆာဘူးသီး သည် ယခုအခါ ချင်းတိုင်းရင်းသားများ သာမက  အခြား တိုင်းရင်းသားများက ပင် အဆာပြေအဖြစ် စားသုံးမှုပိုမိုများ လာသည့် အစားအစာတစ်မျိုးဖြစ်သည်။ဆာဘူးသီးစားသုံးသော ဓလေ့ များ တစ်နေရာနှင့် တစ်နေရာ အခေါ် ဝေါ်ခြင်း မတူညီကြပေ။ တီးတိန်စကား ဖြင့် ဘိုင်မကျင်းဟုသော်လည်းကောင်း၊ ချင်းတောင်ပိုင်းဒေသ မင်းတပ်၊ မတူပီ၊  ကန်ပက်လက်နှင့် ပလက်ဝဒေသများ တွင် ဒေတွီဟုလည်းကောင်း၊  ဟားခါး စကားဖြင့် ဆာဘူးသီးဟု အမျိုးမျိုးခေါ် ဝေါ်ကြကြောင်း လေ့လာသိရှိရသည်။ပထဝီအနေအထားအရ   ချင်း တောင်ဒေသများတွင်   ရှေးအခါက ဆန်စပါးထက်  ပြောင်းသီးနှံကို ပိုမို စိုက်ပျိုးကြပြီး ပြောင်းဖူးနှင့်ဆက်နွှယ် သော အစားအစာများ ပေါ်ပေါက်ခဲ့လာ ခဲ့ခြင်းဖြစ်သည်။ဆာဘူးသီး    ချက်ပြုတ်ရန် အတွက် ပြောင်းဖူးဆန်ခြောက်များကို သစ်သားဆုံကြီးများဖြင့်  ထောင်းကာ အခွံချွတ်ရပြီး ရရှိသည့် ပြောင်းဖူးကြမ်း အဆန်များကို အသား၊ ရေတို့ဖြင့် ရော ပြုတ်ကာ ဟင်းခတ်မှုန့် မပါသော်လည်း ပြောင်းဖူးပြုတ်ရည်ပျစ်ပျစ်၏  ချိုဆိမ့် သောအရသာနှင့် အသား၏ အချိုတို့ ဖြင့် သဘာဝအစားအစာ တစ်မျိုးဖြစ် သည်။ ယင်းဆာဘူးသီး စားသုံးရာတွင်  ငရုတ်သီးထောင်းမှာ မပါမဖြစ် တွဲဖက် လျက်  စားသောက်ကြပြီး  အသား ခြောက်ကြော်နှင့် တွဲဖက်စားသောက် လေ့ရှိကြသည်။ ဆာဘူးသီး ပွဲကြီးတစ်ပွဲ လျှင်  ကျပ် ၈၀ဝ  နှင့် ပုံမှန်ပွဲ တစ်ပွဲလျှင် ကျပ် ၅၀ဝ   ဈေးနှုန်းများဖြင့် ရောင်းချ လျက်ရှိသည်။ယခုအခါတွင် ဆာဘူးသီးကို မိမိ စိတ်တိုင်းကျ ချို၊ ချဉ်၊ ငံ၊ စပ် အရသာ အဖြစ်  ရောစပ်စားကြပြီး  ချင်းရိုးရာ အစားအစာအဖြစ် စားသုံးမှုပိုများကာ ချင်းပြည်နယ်  တစ်ခုတည်းသာမက  မြေပြန့်  ဒေသများနှင့် အောက်ပိုင်း ဒေသများတွင်ပါ      စားသုံးမှုပိုများ ကြောင်း သိရသည်။  ဒေသအစားအစာ တစ်မျိုးဖြစ်၍  ချင်းပြည်နယ်တွင်  တစ် နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင် သူများအနေဖြင့် ရောင်းအားကောင်းပြီး  ဝင်ငွေရရှိနေသောကြောင့် ဆာဘူးသီး ချက်ပြုတ်ရောင်းချသူများ    အဆင်ပြေ လျက်ရှိကြောင်း သိရသည်။

သိမ့်သိမ့် (ကလေး)