Main menu

Background

လေးလအတွင်း ပြည်ပသို့ ပျားရည်တန်ချိန် ၇၀ဝ နီးပါး တင်ပို့နိုင်

Tue, 08/30/2022 - 16:56 -- journal_editor

ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင်ကုန်အထိ လေးလအတွင်း မြန်မာ နိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပျားရည် မက်ထရစ်တန်ချိန်  ၇၀ဝ နီးပါး တင်ပို့နိုင်ခဲ့ကြောင်း မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။လက်ရှိ ဘဏ္ဍာနှစ်အတွင်း ပျားရည်တင်ပို့ခဲ့သည့်နိုင်ငံများတွင်  တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်၊ စင်ကာပူအစရှိသော နိုင်ငံများပါဝင်ပြီး တင်ပို့ခဲ့သည့်ပျားရည်အမျိုးအစား လေးမျိုး အနက် ဆီး(ဇီး)ပျားရည်ကို အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်ကာ  ပန်းနှမ်းပျားရည်၊  ပန်းစုံပျားရည်၊ နေကြာပျားရည်တို့ကိုလည်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပျားရည်များကိုNormal Trade မှ တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပြီး  မက်ထရစ်တန်ချိန် ၆၉၁ ဒသမ ၃၄ တန်ရှိကြောင်း သိရသည်။ ပြည်တွင်းရှိ မြို့နယ် ၃၁ မြို့နယ်တွင် အစိုးရပိုင် ပျား မွေးမြူရေးစခန်း စုစုပေါင်း ၃၁ ခုဖွင့်လှစ်ထားပြီး ပုဂ္ဂလိက ပျားမွေးမြူရေးလုပ်ငန်းမှာ ၈၂၀ ခန့် ရှိသည်။ဌာနပိုင် ပျားအုံအရေအတွက်မှာ ၆၂၀ဝခန့်ရှိပြီး  ပုဂ္ဂလိကပိုင်   ပျားအုံအရေအတွက် နှစ်သိန်းနီးပါးခန့်ရှိကာ ပျားမွေးမြူရေးနှင့်ပျားရည်ထုတ်လုပ်သော လုပ်ငန်းများကို စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့်  ရှမ်းပြည်နယ် စသည့်ဒေသ များတွင် အများဆုံးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ပျားမွေးမြူရေးလုပ်ငန်းအတွက် နှစ်စဉ် စိုက်ပျိုးဧက သိန်း ၂၀ ခန့်မှ  ဝတ်မှုန်ကူး ဝန်ဆောင်မှုပေးလျက်ရှိပြီး  ယခုနှစ်တွင်လည်း နေကြာစိုက်ဧက ၁၁ ရာခိုင်နှုန်းတွင် ဝတ်မှုန်ကူးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ပျားမွေးမြူရေးလုပ်ငန်းများကို သီးနှံစိုက်ခင်းများအနီး   လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် သီးနှံများ အောင်မြင်ဖြစ်ထွန်းသလို အရည်အသွေးကောင်းမွန်သော  ပျားရည်များကိုလည်း ထွက်ရှိစေနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌   တစ်နှစ်လျှင် ပျားရည်တန်ချိန် ၇၀ဝ၀ ခန့် ထွက်ရှိပြီး ပျားတစ်အုံလျှင် ပေါင် ၇၀ ခန့်ထွက်ရှိကာ  ပြည်ပတင်ပို့မှု နှစ်စဉ်ပျမ်းမျှ တန် ၂၆၀ဝ ခန့်ကိုတစ်တန်ဈေးနှုန်း ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁၆၀ဝခန့်ဖြင့် တင်ပို့ရောင်းချနေခြင်းဖြစ် ကြောင်း သိရသည်။