Main menu

Background

တရုတ်ဘက်က ကြံတစ်တန်လျှင် ငွေကျပ် နှစ်သိန်းကျော် ဈေးဖွင့် ဝယ်ယူမှုကြောင့် ဈေးကောင်းရ

Mon, 11/28/2022 - 15:18 -- journal_editor

မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် စိုက် ပျိုးထုတ်လုပ်သည့်   ကြံများကို  တရုတ်ဘက်က ဝယ်လိုအားကောင်းမွန်ပြီး နှစ်စဉ် တင်ပို့လျက်ရှိ ရာ ယခုနှစ် ကြံရာသီ၌ ကြံတစ်တန်လျှင် ယွမ်ငွေ ၄၅၀ (မြန်မာငွေ  နှစ်သိန်းကျော်)ဖြင့်  ဈေးဖွင့် ဝယ်ယူမည်ဖြစ်ရာ    ဈေးကောင်းရရှိကြောင်း သကြားနှင့်   ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ သိရသည်။
ယင်းအပြင် ပြည်တွင်းရှိ   အချို့သကြား စက်များကလည်း ယခုနှစ် ကြံရာသီအတွက် ကြံ တစ်တန်  ဝယ်ယူဈေးကို    ငွေကျပ် ၉၀ဝ၀ဝ ဝန်းကျင် ဈေးဖွင့်ထားရာ   နယ်စပ်ဒေသများမှ ကြံစိုက်တောင်သူများ     ဈေးပိုမိုရရှိကြောင်း အဆိုပါအသင်း   ဒုတိယဥက္ကဋ္ဌ  ဦးဝင်းဌေးက နိုဝင်ဘာ ၁၆ ရက်တွင် ပြောသည်။ 
“အခု   နယ်စပ်တွေမှာ    ကြံအထွက်နှုန်း ကောင်းတယ်။  တရုတ်ဘက်ကလည်း သူနဲ့ နီးတဲ့ ဒေသတွေဖြစ်လို့ ထွက်သမျှဝယ်တယ်။ ငွေလဲ နှုန်းအရ   ဈေးပိုရတဲ့ အနေအထားပါ” ဟု ၎င်း က ပြောသည်။    နယ်စပ်ဒေသများဖြစ်သည့် လောက်ကိုင်၊ ချင်းရွှေဟော်၊ နမ့်ခမ်း၊   လွယ်ဂျယ်၊ မူဆယ်တို့တွင် ဘိန်းအစားထိုး  သီးနှံအဖြစ် ကြံ များ စိုက်ပျိုးလျက်ရှိရာ အထွက်နှုန်းကောင်းမွန် လျက်ရှိသည်ဟု ဆိုသည်။
သို့ဖြစ်၍ ယခုနှစ်တွင် စိုက်ပျိုးသည့် ကြံ များကို တရုတ်ဘက်သို့ တင်ပို့ရာတွင် ကြန့်ကြာ မှုမရှိဘဲ ကုန်သွယ်မှု လျင်မြန်ရန် လိုအပ်သဖြင့် Green Line မှ ကြံတင်ဆောင်သည့်ယာဉ်များ ဝင်ထွက်ခွင့် ရရှိရေးအတွက် နှစ်နိုင်ငံအစည်း အဝေးများတွင် အဓိက ဆွေးနွေးပေးရန် အသင်း အနေဖြင့် သက်ဆိုင်ရာသို့ တင်ပြထားကြောင်း သိရသည်။
“တရုတ်သကြားစက်တွေက ကြံထွက်သ လောက် ဝယ်ပြီး စိုက်ဖို့ မျိုးလည်းထုတ်ပေးတယ်။ ကိုဗစ်စည်းကမ်းတွေကြောင့် ဂိတ်တွေက အဝင် မခံတာ။ မနှစ်ကလည်း   ကိုဗစ်စည်းကမ်းတွေနဲ့ ထင်သလောက် မပို့နိုင်ခဲ့ဘူး။ဒါကြောင့် ဒီနှစ်မှာ ကြံသီးနှံကို တရုတ်ဘက်ကို Green Line နဲ့ တင်ပို့ နိုင်အောင် နှစ်နိုင်ငံအစည်းအဝေးတွေမှာအဓိက ဆွေးနွေးပေးဖို့ သက်ဆိုင်ရာကို တင်ပြထားပါ တယ်”ဟု ဦးဝင်းဌေးက ပြောသည်။
ပြည်ပသို့       သကြား ပိုမိုတင်ပို့နိုင်ရေး အတွက် ပြည်တွင်းမှ သကြားများ၏  အရည် အသွေးနှင့် အထွက်နှုန်းကောင်းမွန်ရန် လိုအပ် သောကြောင့် လက်ရှိတွင် ကြံစိုက်တောင်သူများ ကို နိုင်ငံတော်မှ သွင်းအားစုနှင့် ကြံမျိုးကောင်း မျိုးသန့်များ ရရှိနိုင်ရန်   ပံ့ပိုးကူညီပေးလျက်ရှိ သည့်အပြင်   ပြည်တွင်းရှိ  သကြားစက်ရုံများမှ လည်း ကန်ထရိုက်လယ်ယာစနစ်ဖြင့် စိုက်ပျိုး စရိတ်များ    ကြိုတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပန်းဆု