Main menu

Background

မြဝတီကုန်သွယ်ရေးဇုန်မှ နိုဝင်ဘာလအတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၆၆ သန်းကျော် ဆောင်ရွက်ခဲ့

Wed, 12/21/2022 - 10:44 -- journal_editor

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နိုဝင်ဘာလအတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၃၅၂ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၂၆ ဒသမ ၃၈၉ သန်း ကုန်သွယ်မှုပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၆ ဒသမ ၇၄၁ သန်းဖြစ်၍ ကုန်သွယ်မှုလျာထားချက်အပေါ် ၇၉ ဒသမ ဝ၂၄ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ယခင်ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၃၅ ဒသမ ၄၄၁သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၅၈ သန်း လျော့နည်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန် ၃၈ ဒသမ ၉၉၉ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။ ကာလတူထက် ပို့ကုန်ပိုင်းတွင် လျော့နည်းရခြင်းမှာ လယ်ယာထွက်ပစ္စည်းအုပ်စု၊ သတ္တုတွင်းထွက်ပစ္စည်းအုပ်စု၊ တိရစ္ဆာန်ထွက်ပစ္စည်းအုပ်စု၊ ရေထွက်ပစ္စည်းအုပ်စု၊ စက်မှုကုန်ချောပစ္စည်းအုပ်စုနှင့် အခြားပစ္စည်းအုပ်စုတို့ တင်ပို့မှုတွင် လျော့နည်းခဲ့သောကြောင့်ဖြစ်သည်။

သွင်းကုန်ပိုင်းလုပ်ငန်းသုံးအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၄၅ သန်း ပိုမိုခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှုအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ဒသမ ၂၄၈ သန်းနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၆ဒသမ ၁၅၅ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။

အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၃၄၉ သန်း လျော့နည်းခဲ့သော်လည်း သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၁၉ သန်း ပိုမိုခဲ့ကြောင်း သိရသည်။ ပို့ကုန်ပိုင်းတွင် သတ္တုတွင်းထွက်ပစ္စည်းအုပ်စု၊ ရေထွက်ပစ္စည်းအုပ်စုနှင့် စက်မှုကုန်ချောပစ္စည်းအုပ်စုတင်ပို့မှုတွင် လျော့နည်းခဲ့ခြင်း ဖြစ်သည်။ သွင်းကုန်ပိုင်းတွင် လူသုံးကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၇၄၃ သန်း လျော့နည်းခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှုအုပ်စုတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၁၅ သန်းနှင့် လုပ်ငန်းသုံးအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၄၈ သန်း တင်သွင်းမှုပိုမိုခဲ့ကြောင်းသိရသည်။

ယခုလအတွင်း အများဆုံးတင်ပို့ခဲ့သောပစ္စည်းများမှာ ဆန်ကွဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲဆန်၊ နှမ်းမျိုးစုံ၊ နနွင်းတက်၊ ဝဥ(အစို)၊ ကြက်သွန်နီ၊ ကော်ဖီစေ့၊ သီဟိုဠ်စေ့များဖြစ်ပြီး အများဆုံးသွင်းကုန်ပစ္စည်းမှာ စက်နှင့်စက်ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ ဓာတုဗေဒပစ္စည်းများ၊ ဓာတ်မြေသြဇာများ၊ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ချည်ထည်များ၊ ဆေးဝါးပစ္စည်းများ၊ အခြားပစ္စည်းများဖြစ်ကြောင်း မြဝတီကုန်သွယ်ရေးဇုန်မှ သိရသည်။    

အိမ့်(DOT)