Main menu

Background

မတ်လအတွင်း ဆန်နှင့် ဆန်ကွဲ တင်ပို့မှုအခြေအနေ

Mon, 04/24/2023 - 12:43 -- journal_editor

ဆန်
မတ်လအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်တန်ချိန် ၈၁၀ဝ၀ ကျော်တင်ပို့ပြီး  အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၅၄၅ သန်း ရရှိခဲ့သည်။ ဆန်တင်ပို့မှုအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၄၃၄၆၀ ကျော်နှင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၃၇၆၅၀ ကျော်တင်ပို့ခဲ့သည်။

အီးယူအဖွဲ့ဝင်နိုင်ငံများအနက် ဆန်အများဆုံးတင်ပို့သောနိုင်ငံများမှာ တူရကီနိုင်ငံသို့ ဆန်တန်ချိန် ၉၈၇၀ ကျော်၊ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၈၁၂၀ ကျော်၊ အီတလီနိုင်ငံသို့ ဆန်တန်ချိန် ၂၇၅၀ ခန့်၊ စပိန်နိုင်ငံသို့ ဆန်တန်ချိန် ၈၀၅၀ ခန့်၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်တန်ချိန် ၂၃၂၀ ကျော်၊ ပေါ်တူဂီနိုင်ငံသို့ ဆန်တန်ချိန် ၂၁၇၀ ကျော်၊ လစ်သူရေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၁၈၀ဝ ခန့်၊ ဆလိုဗေးနီးယားနိုင်ငံသို့ ဆန်တန် ချိန် ၁၀၉၀ ကျော်၊ ဘူလ်ဂေးရီးယားနိုင်ငံသို့  ဆန်တန်ချိန် ၁၀၇၀ ခန့်၊ ချက်နိုင်ငံသို့ဆန်တန်ချိန် ၁၀ဝ၀ ကျော်၊ အင်္ဂလန်နိုင်ငံသို့ ဆန်တန်ချိန် ၁၁၂၀ ကျော်၊ လက်ဘနွန်နိုင်ငံသို့ ဆန်တန်ချိန် ၈၈၀ ကျော်၊ ဂျာမနီနိုင်ငံသို့ ဆန်တန်ချိန် ၈၆၀ ကျော်၊ ဟန်ဂေရီနိုင်ငံသို့ ဆန်တန်ချိန် ၈၂၀ ကျော်၊ နယ်သာလန်နိုင်ငံနှင့် ရိုမေးနီးယားနိုင်ငံတို့သို့ ဆန်တန်ချိန် ၅၀ဝ ကျော်စီနှင့် အခြားအီးယူအဖွဲ့ဝင်နိုင်ငံများသို့လည်း အနည်းငယ်တင်ပို့ခဲ့သည်။

အာရှတွင် ဆန်အများဆုံးတင်ပို့သောနိုင်ငံများမှာ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၁၈၆၈၀ ကျော်၊ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၁၁၈၄၀ ကျော်၊ မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၆၄၅၀ ကျော်၊ ဟောင်ကောင်သို့ ဆန်တန်ချိန် ၃၀ဝ ကျော်၊ ထိုင်ဝမ်သို့ ဆန်တန်ချိန် ၂၅၀ နှင့် စင်ကာပူနိုင်ငံသို့ ဆန်တန် ချိန် ၁၀ဝ ကျော် တင်ပို့ခဲ့သည်။

ယခုလအတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုမှ ဆန် ၁၅၈ တန် တင်ပို့သဖြင့် အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၆၂ သန်းရရှိသည်။ ယခုလအတွင်း ပင်လယ်ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်မှုမှ ဆန်တန်ချိန် ၈၁၂၀ဝ ကျော် တင်ပို့နိုင်သဖြင့် အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် ၆၄၀ဝ ကျော် လျော့နည်းတင်ပို့ခဲ့သည်။

ဆန်ကွဲ

မတ် ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်ကွဲတန်ချိန် ၇၃၉၉၀ ခန့် တင်ပို့သဖြင့် အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၉၂၉ သန်း ရရှိသည်။ တင်ပို့မှုအနေဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၄၉၀ဝ၀ ကျော်တင်ပို့ပြီး အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၂၄၉၇၀ ကျော်တင်ပို့ခဲ့သည်။ ဆန်ကွဲအများဆုံး တင်ပို့သောနိုင်ငံများမှာ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၆၉၂၀ ကျော်၊ နယ်သာလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅၀၂၀ ခန့်၊ အီတလီနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၆၂၀ ကျော်၊ စပိန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၆၀ဝ၊ အင်္ဂလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၂၇၀ ကျော်၊ ပိုလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၉၆၀ ခန့်၊ ပေါ်တူဂီနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅၀ဝ ခန့်၊ ဂျာမနီနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၄၁၀ ကျော်၊ ပြင်သစ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၅၀ နှင့် လစ်သူရေးနီးယားနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၀ဝ ကျော် တင်ပို့ခဲ့သည်။ အာရှတွင် တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၄၄၅၀ ခန့်၊ မလေးရှားနိုင်ငံသို့ဆန်ကွဲတန်ချိန် ၅၀ဝ၊ စင်ကာပူနိုင်ငံသို့ အနည်းငယ်တင်ပို့ခဲ့သည်။

မတ်လအတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုမှ ဆန်ကွဲ ၆၆၅၈ တန် တင်ပို့သဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၉၇ သန်း ရရှိသည်။ ယခုလတွင် နည်းလမ်းနှစ်သွယ်မှ ဆန်ကွဲတန်ချိန် ၈၀၆၀ဝ ကျော် တင်ပို့သဖြင့် ယခင်လနှင့် နှိုင်းယှဉ်ပါက ဆန်ကွဲတန်ချိန် ၂၉၀ဝ ကျော် ပိုမိုတင်ပို့ခဲ့သည်။

ယခုလတွင် ဆန်နှင့်ဆန်ကွဲတင်ပို့မှု စုစုပေါင်းတန်ချိန် ၁၆၁၈၀ဝ ကျော် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၆၅ ဒသမ ၉၃၃ သန်းရရှိခဲ့ကြောင်း သိရသည်။ 

အေးအေးသန့်(DOT)