Main menu

Background

လွယ်ဂျယ်ဒေသ ပို့ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ကြံများ ပိုမိုစိုက်ပျိုးပေး

Mon, 10/23/2023 - 15:13 -- journal_editor

ဗန်းမော်-လွယ်ဂျယ်ဒေသအတွင်း နေထိုင်ကြသည့် တောင်သူများသည် ကြံ၊ တစ်သျူးငှက်ပျော၊ ပြောင်း၊ ရွှေဖရုံ သီး စသည့် ရာသီပေါ်သီးနှံများအား စိုက်ပျိုး၍ တစ်ဖက် တရုတ်နိုင်ငံသို့  တင်ပို့ရောင်းချလျက်ရှိကြပြီး ကြံများကို အဓိကထား၍ စိုက်ပျိုးကြသည်။ မေလနှင့် ဇွန်လများတွင် ကြံများကို စတင်စိုက်ပျိုးကြပြီး နိုဝင်ဘာလ မှ ဧပြီလများတွင် ကြံများထွက်ရှိသဖြင့် တစ်ဖက်တရုတ်နိုင်ငံသို့ ဒေသသုံး အနေဖြင့် တင်ပို့ရောင်းချလျက်ရှိပြီး တယ်ဟုန်ပြည်နယ်၊ ကျန်းဖုန်းခရိုင်  သကြားစက်များမှ  သကြားထုတ်လုပ်ရန် အတွက် ဝယ်ယူခြင်းဖြစ်သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လွယ်ဂျယ် နယ်စပ်မှတစ်ဆင့် တစ်ဖက် တရုတ်နိုင်ငံသို့ ကြံ တန်ချိန် ၈၀ဝ၈၀၊ တန်ဖိုး ၆ဒသမ ၄၀၉ သန်းအား တင်ပို့နိုင် ခဲ့သည်။
နိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၂၃ခုနှစ် ဇူလိုင်  ၁၃ ရက် နေ့ အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၂၃) ဖြင့်ထုတ်ပြန်ချက် အရ ယခင်နှစ် ကြံတင်ပို့သည့် ကာလများကို အခြေခံ၍ ကြံတင်ပို့ရာသီကို နိုဝင်ဘာမှ ဇွန်အထိသတ်မှတ်ထားသဖြင့် ကြံပို့ကုန်ရငွေများအား ၅၀ ရာခိုင်နှုန်းငွေလဲနှုန်းဖြင့် ပေးသွင်း ရန်ဖြစ်သည့်အတွက် ကြံတင်ပို့သည့် တောင်သူများအနေဖြင့် ကုန်ပစ္စည်းသယ်ဆောင်မှုအတွက် QR Code စနစ်ဖြင့် ဆောင်ရွက်သွားရမည်ဖြစ်သည်။ ငွေပေးချေမှုအနေဖြင့် Bank to Bankစနစ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်၍ ကုန်သည် လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံရှိ Authorized Dealer Bank (AD Bank) များတွင် ယွမ်အကောင့်များ  ဖွင့်လှစ် ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ခဲ့ပြီး တစ်ဖက် တရုတ်နိုင်ငံရှိ ကြံဝယ်ယူမည့် ကုမ္ပဏီများသို့လည်း မြန်မာ နိုင်ငံဘက်ရှိ Authorized Dealer Bank (AD Bank)များတွင် ဖွင့်လှစ်ထားသည့် မိမိကုမ္ပဏီအကောင့်သို့သာ ငွေပေးချေ ဆောင်ရွက်ရန် တစ်ဖက်တရုတ်နိုင်ငံ၏ ကုန်သွယ်မှုမူဝါဒများ နှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် ညှိနှိုင်းထားရ မည်ဖြစ်သည်။
ယခုအခါ ကမ္ဘာ့ဈေးကွက်တွင် သကြားဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ယခုနှစ် ကြံရာသီတွင် ကြံဈေးနှုန်းများ လည်း မြင့်တက်လာမည်ဖြစ်၍ ကြံတင်ပို့သူများအနေဖြင့် ဈေးကွက် အလားအလာကောင်းများ ရရှိနိုင်မည်ဖြစ်ရာ ကြံစိုက်ပျိုးသူ တောင်သူများအနေဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးရန် လိုအပ်ပြီး စိုက်ပျိုးရာတွင်လည်း အထွက်နှုန်းပိုမိုရရှိနိုင်မည့် မျိုးကောင်းမျိုးသန့်များ ရရှိရေး၊ စိုက်ပျိုးမှုနည်းစနစ်ကောင်းများရရှိရေး၊ လိုအပ်မည့် သွင်းအားစုများ၊ အပြည့်အဝရရှိရေး နှင့် ကြုံတွေ့နေရသည့် အခက်အခဲများအတွက် သက်ဆိုင်ရာ ဌာနများနှင့် ချိတ်ဆက်၍ အတူတကွ ဖြေရှင်းဆောင်ရွက်သွား ရမည်ဖြစ်သည်။ 
ကြံစိုက်ပျိုး တင်ပို့ရောင်းချသူ တောင်သူလုပ်ငန်းရှင် များအနေဖြင့် ကြံများအား တစ်ဖက်တရုတ်နိုင်ငံသို့ တိုက် ရိုက်တင်ပို့ရောင်းချခြင်းထက် တစ်ဆင့်မြင့်ကုန်ချော (Value Added) ပြုလုပ်၍ တင်ပို့ရောင်းချမည်ဆိုပါက အမြတ်ဝေစု ပိုမိုရရှိနိုင်မည်ဖြစ်၍ တစ်ဆင့်မြင့် ကုန်ချောထုတ်လုပ်၍ တင်ပို့နိုင်ရန် နည်းလမ်းကောင်းများကိုလည်း ရှာဖွေလေ့လာ ၍ တင်ပို့နိုင်ရန် အထူးလိုအပ်လျက်ရှိသည်။

 

လွယ်ဂျယ်ကုန်သွယ်ရေးစခန်း