Main menu

Background

ဆန်တင်သွင်းမှုအပေါ် အကောက်ခွန် ၅၁၃ ရာခိုင်နှုန်းကောက်ခံဖို့ တောင်ကိုရီးယားစဉ်းစား

Thu, 09/25/2014 - 14:43 -- ydnar

 

တောင်ကိုရီးယားနိုင်ငံဟာ ဆန်တင်သွင်းမှုနဲ့ပတ်သက်တဲ့ အကောက်ခွန်နှုန်းကို ၅၁၃ ရာခိုင်နှုန်းဝန်းကျင် သတ်မှတ် ဖွယ်ရှိကြောင်းပြည်တွင်း သတင်းများအရ သိရပါတယ်။ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနဲ့ ကျေးလက်ရေးရာဝန်ကြီးဌာနနဲ့ ကုန်သွယ်ရေး၊ စက်မှုနဲ့စွမ်းအင်ဝန်ကြီးဌာနတို့ဟာ စက်တင် ဘာလ ၁၈ ရက်နေ့မှာ အကောက်ခွန်နှုန်းကို အပြီးသတ် ဆုံးဖြတ်ဖို့ လက်ရှိအာဏာရပါတီ ဥပဒေပြုသူများနဲ့ တွေ့ဆုံသွားမယ်လို့သိရပါတယ်။အကောက်ခွန်နှုန်း မြင့်ခြင်းကသာ သွင်းကုန်ဆန်တွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ပြည်တွင်းထုတ် ဆန်တွေကို အကူအညီဖြစ်စေမယ်လို့လည်း အာဏာရပါတီမှ အရာရှိများက ပြည်တွင်း သတင်းဌာနများကို ပြောကြားကြောင်း သိရပါတယ်။

အစိုးရအနေနဲ့အခြားအစီအမံများဖြစ်တဲ့လက်လီရောင်းသူများ ပြည်တွင်းဆန်နဲ့တင်သွင်းဆန်ကိုအတူတကွ ရောင်းချခြင်းမှ တားဆီးဖို့လည်း စဉ်းစားနေတယ်လို့ ပြောကြားကြောင်းလည်း သိရပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း အစိုးရဟာ ၎င်းတို့ရဲ့ဆန်ဈေးကွက်ဖွင့်ဖို့အတွက် ၎င်းတို့ရဲ့အစီအမံများအနက်တစ်ခု အပါအဝင်ဖြစ်တဲ့ တောင်သူတွေကို ထောက်ပံ့မှု တိုက်ရိုက်ပေးခြင်း အစီအမံကို ယခင်က တစ်ဟက်တာကန်ဒေါ်လာ ၈၅၉ ပေးခဲ့ရာမှ ၁၀ ရာခိုင်နှုန်းတိုးမြှင့်ပြီး ကန်ဒေါ်လာ ၉၅၄ အထိ ပေးသွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
တောင်ကိုရီးယားအစိုးရအနေနဲ့  ၎င်းတို့ရဲ့ ဆန်သွင်းကုန်ဈေးကွက် ဖြေလျှော့မှုနဲ့ အကောက်ခွန်နှုန်းထားသတ်မှတ်မှု ဆုံးဖြတ်ချက်ကို ယခုလ မကုန်မီမှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)  ကို အကြောင်းကြားသွားမယ်လို့လည်း သိရပါ တယ်။ ဆန်ဈေးကွက်ကို ၂၀၁၅ ဇန်နဝါရီလမှာ ဖွင့်မယ်လို့လည်း သိရပါ တယ်။ WTO ရဲ့ ခွဲတမ်းသဘောတူ ညီချက်အရ ၁၉၉၃ ခုနှစ်မှာ မဖြစ်မနေ တင်သွင်းရမယ့် ဆန်ခွဲတမ်းအရ ၁၀ နှစ်အတွက် နှစ်စဉ်စားသုံးမှုရဲ့ ၄ ရာခိုင်နှုန်း တင်သွင်းဖို့ ကိုရီးယားကို ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
အဲဒီ သဘောတူညီချက်က ၂၀၀၄ ခုနှစ်မှာ နောက် ၁၀ နှစ်သက်တမ်း တိုးခဲ့ပြီး နှစ်စဉ်စားသုံးမှုရဲ့ ၇ ဒသမ ၉၆ ရာခိုင်နှုန်းခန့် တင်သွင်းဖို့ တာဝန်ရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ကိုရီးယား ဟာ WTO ရဲ့အနိမ့်ဆုံးဈေးကွက်အခွင့် အလမ်း(MMA)အရ အကောက်ခွန်နှုန်း ၅ ရာခိုင်နှုန်းနဲ့ ဆန်တန်ချိန် ၄၀၉,၀၀၀ တန်ဝန်းကျင်၊ စုစုပေါင်းစား သုံးမှုရဲ့ ၉ ရာခိုင်နှုန်းကိုတင်သွင်းဖို့တာဝန်ရှိနေခဲ့တာဖြစ်ပါတယ်။ကိုရီးယားနိုင်ငံအနေနဲ့၎င်းတို့ရဲ့ သွင်းကုန်ဈေးကွက်ကို  ဖြေလျှော့ ပြီး တဲ့နောက်ပိုင်း WTOရဲ့ စည်းမျဉ်းများအရ MMA သွင်းကုန်ခွဲတမ်းကတော့ဆက်ပြီး  သက်ဆိုင်နေသေးတယ်လို့ သိရ ပါတယ်။ အစိုးရအနေနဲ့ ဆန်စားသုံးမှုကျ ဆင်းနေတာကြောင့် ဆန်တင်သွင်းမှု လျှော့ချခြင်းဖြင့် ၎င်းတို့ရဲ့ ဆန်ဈေးကွက် ဖွင့်ဖို့ ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း သိရပါတယ်။