Main menu

Background

တောင်သူဝင်ငွေတိုးစေဖို့ ဈေးကွက်ဝင် သီးနှံများ စိုက်ပျိုးကြစို့

Fri, 10/08/2021 - 14:11 -- journal_editor

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံသည့် ကုန်ထုတ်လုပ်မှုမှ စီးပွားရေးဖွံ့ဖြိုး တိုးတက် စေရန် ဦးတည်ချက်ထား ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံ၏ ပြည်ပပို့ကုန်ကဏ္ဍတွင်လည်း ဆယ်စုနှစ်အတွင်း စုစုပေါင်း ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁၂၈) ဘီလီယံတွင် လယ်ယာထွက်ကုန်ပစ္စည်းများ၏ တင်ပို့နိုင်မှုသည်အမေရိကန်ဒေါ်လာ (၃၀) ဘီလီယံ ပါဝင်ပြီး ပဲမျိုးစုံသည်အမေရိကန်ဒေါ်လာ (၁၁)ဘီလီယံဖြင့် အဓိကလယ်ယာထွက်ကုန် အဖြစ် တင်ပို့လျှက်ရှိပါသည်။

ကမ္ဘာနှင့်အဝှမ်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကုန်စည်စီးဆင်းမှု (Commodity Flow)၊ ငွေကြေးစီးဆင်းမှု(Cash Flow) နှင့် ထုတ်ကုန်လည်ပတ်မှု(Turnover) တို့ လျော့နည်းကျဆင်းသည့် အခြေအနေများ ကြုံတွေ့နေရသော်လည်း မိမိတို့နိုင်ငံ၏ ပို့ကုန်ကဏ္ဍ (၆) ရပ်အနက် လယ်ယာထွက်ကုန်တင်ပို့မှုတွင်မူ ယခုဘဏ္ဍာနှစ်၌ အမေရိကန်ဒေါ်လာ(၄.၅) ဘီလီယံကျော်တင်ပို့နိုင်ပြီး ပို့ကုန်စုစုပေါင်း၏ (၃၁) ရာခိုင်နှုန်းဖြင့် ပြီးခဲ့သည့်နှစ်များထက်ပင် ပိုမိုဆောင်ရွက် နိုင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

 စိုက်ပျိုးထုတ်လုပ်သူ အချို့တောင်သူများအနေဖြင့် လတ်တလောသွင်းအားစု(မြေဩဇာ၊ စက်သုံးဆီ) အခက်အခဲကြုံတွေ့ရမှုအပေါ် ၎င်းတို့စိုက်ပျိုးထွက်ရှိလာမည့် ထုတ်ကုန်များအတွက် ဈေးကွက် မရရှိမည်ကို စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း ကြားသိနေရသည့်အတွက် မိမိနိုင်ငံစိုက်ပျိုး ထုတ်ကုန်များ၏ ပြည်ပဈေးကွက်ရရှိတင်ပို့နိုင်မှုအခြေအနေအား ဖော်ပြလိုပါသည်-

ဆန်၊ ဆန်ကွဲ၊ ကောက်ညင်းဆန်။     ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် နိုင်ငံပေါင်း (၈၃) နိုင်ငံသို့ ဆန်တန်ချိန်(၂.၆) သန်းနှင့် လက်ရှိနှစ်တွင် နိုင်ငံပေါင်း(၄၂)နိုင်ငံသို့ဆန်/ဆန်ကွဲ တန်ချိန်(၁.၉)သန်းတင်ပို့နိုင်ပြီး ယခုနှစ်တွင် ဆန်တစ်တန်လျှင် ပျမ်းမျှ  အမေရိကန်ဒေါ်လာ(၇၀)ခန့်ဈေးပိုမိုရရှိခဲ့ပါသည်။ယခုဘဏ္ဍာနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ G to G ဖြင့် ဆန်ဖြူ (ဧည့်မထ ၅ %) တန်ချိန် (၁) သိန်းအား တင်ပို့နိုင်ခဲ့ပြီး ဘယ်လ်ဂျီယံနိုင်ငံဈေးကွက်သို့လည်းဆန်ကွဲတင်ပို့နိုင်မှု မြင့်တက်ခဲ့ပါသည်။ ယခုနှစ်ဈေးကွက်သစ်အနေဖြင့် MONGOLIA ၊ TRINIDAD AND TOBAGO (Caribbean) (၂)နိုင်ငံသို့ပါ ဈေးကွက်ရရှိတင်ပို့နိုင်ခဲ့ပါသည်။ ယခင်ဈေးကွက်ရရှိပြီးသည့်နိုင်ငံများသို့ ပြန်လည်တင်ပို့နိုင်ရေးကိုလည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

ပြောင်း။   ပြောင်းသီးနှံအား တန်ချိန်(၂.၆)သန်း၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၅၃၆)သန်းကျော် တင်ပို့ပြီး ယခင်နှစ်ကာလတူထက် တန်ချိန်(၄)သိန်းခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။အဓိကအားဖြင့် ယခုနှစ်တွင် တာချီလိတ်၊ မြဝတီနယ်စပ် များမှတစ်ဆင့် ထိုင်းနိုင်ငံဈေးကွက်သို့ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး ပြောင်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ(၃၀)ကျော် ဈေးပိုမိုရရှိခဲ့ပါသည်။ပင်လယ်ရေကြောင်းမှလည်း ဗီယက်နမ်၊ဂျပန်၊စင်္ကာပူ၊ဖိလစ်ပိုင်၊ဩစတြေးလျ၊ထိုင်ဝမ်နှင့် မလေးရှားနိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ပျမ်းမျှဈေး တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၂၃၅-၂၅၀) ထိ ဈေးရရှိခဲ့ပါသည်။

ပဲမျိုးစုံ။  မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ အဓိကပဲအမယ်များအပြင် ပဲလွန်းဖြူ၊ မြေထောက်ပဲ၊ထောပတ်ပဲ၊ပဲယင်း၊ပဲကြီး၊ပဲကတ္တီပါ(စွန်တာနီ)၊စွန်တာပြာ၊ကုလားပဲ၊ ပဲဖြူလေး၊ ဘိုကိတ်ပဲ၊ မြေပဲ၊ ပဲပုတ်စေ့ စသည်ဖြင့် နှစ်စဉ် ပဲမျိုးစုံတန်ချိန် (၁၆)သိန်းကျော်အား နိုင်ငံပေါင်း(၁၀၀)နီးပါးသို့ ဈေးကွက်ရရှိတင်ပို့ခဲ့ပါသည်။လက်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်(စက်တင်ဘာလ ၂၄ ရက်နေ့ထိ) တွင် တန်ချိန် (၂၀) သိန်းကျော် တင်ပို့နိုင်ခဲ့ပြီး ပဲမျိုးစုံတင်ပို့မှုကာလ ဆယ်စုနှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပါသည်။ယခင်(၂)နှစ်က အဓိကပဲဈေးကွက်ဖြစ်သည့် အိန္ဒိယနိုင်ငံသို့ စုစုပေါင်းပဲတင်ပို့မှု၏ (၃၆) ရာခိုင်နှုန်းခန့်ဖြင့် အများဆုံးတင်ပို့လျှက်ရှိရာမှ ပြီးခဲ့သည့်နှစ်မှစ၍ တရုတ်နိုင်ငံသည်စုစုပေါင်းပဲတင်ပို့မှု၏(၄၀)ရာခိုင်နှုန်းခန့်ထိ ဈေးကွက်တိုးတက်ရရှိခဲ့ပြီးTop Importerအဖြစ် ဈေးကွက်ပြောင်းလဲလာကြောင်း၊ယခုနှစ်တွင် ဈေးကွက်သစ်အဖြစ် CZECH REPUBLIC ၊ LEBANON ၊ BRAZIL ၊Montenegroနိုင်ငံများသို့ စမ်းသပ်တင်ပို့မှုရှိပြီးယခင်နှစ်များက တင်ပို့နိုင်သည့် AUSTRIA၊ BULGARIA၊ COLOMBIA၊DENMARK၊ EGYPT၊ GREECE၊ JORDAN၊ PORTUGAL၊ UKRAINEစသည့် နိုင်ငံများမှာ ယခုနှစ်တွင် ဈေးကွက် ပြတ်တောက်နေကြောင်းတွေ့ရှိရ၍ ပြန်လည်တင်ပို့နိုင်ရေးကိုနှစ်နိုင်ငံလုပ်ငန်းရှင်များချိတ်ဆက်ဆောင်ရွက်သင့်ပါသည်။စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပဲမျိုးစုံတင်ပို့မှု တိုးတက်စေရေးအတွက် အဓိကကုန်သွယ်ဖက် အိန္ဒိယနိုင်ငံနှင့် မတ်ပဲနှင့်ပဲစဉ်းငုံ ရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ G to G MoU အား  လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါနားလည်မှုစာချွန်လွှာအရ အိန္ဒိယနိုင်ငံသို့မတ်ပဲတန်ချိန်(၂.၅)သိန်းနှင့်ပဲစဉ်းငုံတန်ချိန်(၁)သိန်းတို့ကိုနှစ်စဉ်ပုဂ္ဂလိကကုန်သွယ်မှုမှ တစ်ဆင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (ဧပြီလမှမတ်လ) အတွင်း တင်ပို့ သွားမည်ဖြစ်ရာ ယခုနှစ်တွင် G to G ဖြင့် မတ်ပဲတန်ချိန် (၁.၆၇)သိန်းနှင့် ပဲစဉ်းငုံတန်ချိန် (၀.၆၆) သိန်းတို့အားတင်ပို့ပြီးစီးပြီဖြစ်ပါသည်။ယခုနှစ်တွင် မိမိနိုင်ငံ၏ မြေထောက်ပဲ တင်ပို့မှုပါ တန်ချိန်(၆)သောင်းနီးပါးထိရှိလာပြီး အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံတို့မှ မြေထောက်ပဲတင်သွင်း၍ နီပေါ၊USA၊ ကာတာများအထိ ဆက်လက်တင်ပို့မှုရှိကြောင်း၊ မြန်မာနိုင်ငံမှလည်း ၎င်းဈေးကွက်များသို့ပါ လက်ရှိတင်ပို့နေ၍ ထပ်မံဈေးကွက်ချဲ့ထွင်နိုင်မည့် အနေအထားရှိကြောင်းတွေ့ရှိရပါသည်။ ထို့အပြင် ယခုနှစ်တွင် စားတော်ပဲအား ပင်လယ်ရေကြောင်းမှ (၁၁၈)တန်ကို စင်္ကာပူ၊ မလေးရှား၊ဩစတြေးလျနှင့် USAနိုင်ငံများသို့လည်းကောင်း၊နယ်စပ်မှ(၄၃၄) တန်ကို အိန္ဒိယနိုင်ငံသို့လည်းကောင်း တင်ပို့နိုင်သည့်အတွက် ပိုမိုတိုးချဲ့စိုက်ပျိုးပါကပြည်တွင်းစားသုံးမှုလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်မည့်အပြင်ပြည်ပဝင်ငွေပါတိုးမြှင့်ရရှိနိုင်မည်ဖြစ်ပါသည်။ထို့အပြင် ဆေးဘက်ဝင်ကျန်းမာရေးသုံး ကြယ်ပဲကို တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ် နှင့် စင်္ကာပူနိုင်ငံများသို့ တစ်တန်လျှင် အနည်းဆုံး(၇၆၀)ဒေါ်လာ မှ အများဆုံး(၃၅၅၀)ဒေါ်လာထိ ဈေးကွက်စမ်းသပ်တင်ပို့နိုင်လျက်ရှိခြင်းကြောင့်အရေအတွက်၊အရည်အသွေးတိုးမြှင့်ထုတ်လုပ် သင့်သည့် ကုန်စည်ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံပဲအသင်းIPGAကကျင်းပခဲ့သည့် အွန်လိုင်းဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံအနေဖြင့် ယခုနှစ်အတွင်း ပဲစဉ်းငုံအထွက်နည်းမည်ဖြစ်ပြီး နိုင်ငံလိုအပ်ချက်မြင့်မားမှာဖြစ်ကြောင်း ဆွေးနွေးချက်များ အရသိရပြီး အိန္ဒိယတွင် ပဲစဉ်းငုံအထွက်နည်းပြီးဈေးနှုန်းမြင့်မားပါကပဲရာဇာအစားထိုးစားသုံးလေ့ရှိသဖြင့် မြန်မာနိုင်ငံမှ ပဲရာဇာစိုက်ပျိုးထုတ်လုပ်တင်ပို့သူများအတွက် သတင်းကောင်းတစ်ရပ်ဖြစ်ပါသည်။ ထို့အပြင် အိန္ဒိယနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပဲအမျိုးမျိုးအပါအဝင် မိုးသီးနှံများပျက်စီးခဲ့သဖြင့် အိန္ဒိယနိုင်ငံအနေဖြင့် ပြည်ပမှ ပဲမျိုးစုံတင်သွင်းမှုများပိုမိုပြုလုပ်ရမည်ဖြစ်ပါသည်။ထို့ကြောင့် ဈေးကွက်လိုအပ်ချက်ကိုလိုက်၍ အခြားပဲများကိုလည်း အရည်အသွေးပြည့်မီစွာဖြင့် တိုးချဲ့တင်ပို့နိုင်ရေး Mass Production ၊ Processingနှင့် Marketing ပိုင်းများတွင် အစိုးရဌာနများ၊ အသင်းအဖွဲ့များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအားလုံး ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

အခြားဈေးကွက်လယ်ယာထွက်ကုန်များ။   အထက်ပါကုန်စည်များ အပြင် လယ်ယာထွက်ကုန်အုပ်စုမှ ရာဘာစိမ်း၊ နှမ်း၊ ပန်းနှမ်း၊ ဝါ၊ နနွင်းတက်၊ မကျည်းသီး၊ ဂျင်းခြောက်၊ ချဉ်ပေါင်ဖာလာ၊ ဝဥခြောက်၊ ကြက်သွန်နီ၊ ကြက်ဆူစေ့၊ ကော်ဖီစေ့၊ သီဟိုဠ်စေ့၊သစ်သီးဝလံ(သရက်သီး၊ဖရဲသီး၊သခွားမွှေး၊တစ်သျှူးငှက်ပျော)၊ ကွမ်းသီး၊ ငရုတ်သီး၊ပီလောပီနံစသည်ဖြင့်မိမိနိုင်ငံလယ်ယာထွက်ကုန်များအားပြည်ပဈေးကွက် ရရှိတင်ပို့နိုင်လျက်ရှိပါသည်။ ဥပမာအားဖြင့် ပြည်ပဈေးကွက်ရရှိလာသည့် ဝဥနှင့် ဝဥခြောက်မှုန့်(Value-added) တို့ကို တရုတ်၊ ထိုင်း၊ မလေးရှားနှင့် ဂျပန်၊ USA နိုင်ငံများထိ တင်ပို့ခြင်း၊ ငရုတ်သီး/ခြောက်အား နိုင်ငံပေါင်း (၁၈)နိုင်ငံသို့ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ(၃၃)သန်းခန့်   တင်ပို့နိုင်ရာမှ လက်ရှိဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ(၈၇)သန်း ကျော်ထိ တိုးတက်တင်ပို့လာနိုင်ပါသည်။

ကုန်စည်စီးဆင်းမှုအရ ကုန်စည်ထုတ်လုပ်ထွက်ရှိရာဒေသမှ နှိုင်းယှဉ်အကျိုးအမြတ်ရရှိ သည့် ဒေသတစ်ခုသို့  တင်ပို့ခြင်းဖြစ်ပေရာ မြန်မာနိုင်ငံ၏ ပို့ကုန် အမယ်ပေါင်း (၂၀၀ ) ခန့် တင်ပို့နိုင်သည့် အနက် လယ်ယာထွက်ကုန်ကုန်စည်အမျိုးပေါင်း(၆၀)ကျော် ပါဝင်တင်ပို့လျက်ရှိ ကြောင်း တွေ့ရှိရပါသည်။ လတ်တလော ကျပ်ငွေတန်ဖိုး ကျဆင်းနေမှုသည် စီးပွားရေး လုပ်ငန်း များအပေါ် ရိုက်ခတ်မှုများရှိနေသော်လည်း စီးပွားရေးသီအိုရီအရ ပို့ကုန်ကဏ္ဍ၌ ပြည်ပဈေးကွက် တွင် ယှဉ်ပြိုင်မှုအားကောင်းစေခြင်းနှင့် မိမိပို့ကုန်များမှာ နိုင်ငံခြားငွေဒေါ်လာနှင့် နယ်စပ်ဒေသ တစ်ဖက်နိုင်ငံသုံးငွေကြေးဈေးနှုန်းများအပေါ် တည်မှီရောင်းချနေခြင်းဖြစ်၍ ပို့ကုန်တင်ပို့သူများ အတွက် ပြည်တွင်းသုံးငွေပိုမိုရရှိခြင်းတို့ ဖြစ်ပေါ်စေပါသည်။ သို့ပါ၍ ကမ္ဘာအဝှမ်းရိုက်ခတ်နေ သည့် ကိုဗစ်-၁၉ အလွန်ကာလတွင် မိမိနိုင်ငံမှ စီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် ဈေးကွက်အလားအလာရှိသည့် ပို့ကုန်အမယ်များအား တောင်သူများမှ တိုးမြှင့်စိုက်ပျိုးထုတ်လုပ် ရေးကို ဈေးကွက်အခြေအနေကျွမ်းကျင်မှုရှိပြီးဖြစ်သည့် Exporterအသင်းအဖွဲ့များ /ကုန်သည် လုပ်ငန်းရှင်များမှ စည်းရုံးခေါ်ဆောင်ခြင်း၊ ဌာနဆိုင်ရာများမှ Awareness ပေးခြင်းဖြင့် ပို့ကုန် ယန္တရား Supply Chain တစ်ခုလုံး အောင်အောင်မြင်မြင်ဖြင့် တောင်သူတစ်ဦးချင်းဝင်ငွေ တိုးတက်မှုမှသည် နိုင်ငံ့ဝင်ငွေတိုးတက်မှုအထိတက်လှမ်းနိုင်မည်ဖြစ်ပါကြောင်းဖော်ပြအပ်ပါသည်။

                                                                                                                                               

                                                                                                                           P & S (NPT)