ပညာရှင်များ ၂၀၂၂ ခုနှစ်ကို ကမ္ဘာ့စားနပ်ရိက္ခာစိန်ခေါ်မှု နှစ်တစ်နှစ်ဖြစ်တယ်လို့ သတ်မှတ်ခဲ့ကြတယ်။ ပထဝီနိုင်ငံရေး တင်းမာမှုများ၊ နိုင်ငံတကာပဋိပက္ခများ ပြင်းထန်သော ရာသီဥတုဖြစ်ရပ်များကြောင့် အစားအစာထောက်ပံ့ရေး ကွင်းဆက်ပြတ်တောက်ပြီး အစားအစာဈေးနှုန်း ကြီးမြင့်မှု စတဲ့အားနည်းချက်များစွာကို ဖော်ထုတ်တွေ့ရှိခဲ့ကြလို့ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်မှာတော့ ထိုအားနည်းချက်များ၊ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် တိုးတက်လာသော ဒစ်ဂျစ်တယ်နည်းပညာများရဲ့ အားသာချက်များကိုရယူပြီး ကမ္ဘာတစ်ဝန်းနိုင်ငံများစွာက အစိုးရများနဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများက စိုက်ပျိုးရေးကဏ္ဍတွင် နည်းပညာရင်းနှီးမြှုပ်နှံမှုများကို အရှိန်မြှင့်ရန် မျှော်လင့်ထားတဲ့ သတင်းများကို ဖတ်ရှုရတဲ့အခါ မိမိတို့နိုင်ငံအနေနဲ့ တစေ့တစောင်းလေ့လာပြီး မိမိတို့နိုင်သလောက် စဉ်းစားစီမံကြိုးစားကြရလိမ့်မယ်လို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးဦးတည်ချက်တွင် စိုက်ပျိုးရေးနဲ့ မွေးမြူရေးအခြေခံ ကုန်ထုတ်လုပ်မှုကဏ္ဍများကို ခေတ်မီနည်းစနစ်များနဲ့ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း တိုးတက်အောင် တည်ဆောက်ရန် ဦးတည်မျှော်မှန်းထားလို့ ဖြစ်ပါတယ်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးပြခန်းများအနက် သိပ္ပံနည်းပညာပြခန်းတွင် ကျောင်းသားလေးများက loT အခြေခံအဆင့်မြင့်နည်းပညာသုံး စိုက်မွေးစနစ် ရေ၊ မြေ၊ အာရုံခံကိရိယာ (Soil and Water Sensors) သုံးကိရိယာလေးတွေနဲ့ သရုပ်ပြနေပြီး စိုက်ပျိုးရေးပြခန်းက လက်ကမ်းစာရွက် (Pamphlet) တွေသာ ဝေနိုင်တယ်လို့ ဆိုကြပါတယ်။ (နည်းပညာသင်ကြားရေးနယ်ပယ်မှာ ခေတ်မီနည်းတွေကို သင်ပေးနေပြီဖြစ်လို့ ဝမ်းသာရသော်လည်း၊ စိုက်ပျိုးရေးလို လက်တွေ့ နယ်ပယ်မှာလည်း သုံးလာနိုင်စေချင်ပါတယ်။)
ကမ္ဘာတစ်ဝန်းမှာ စားနပ်ရိက္ခာဖူလုံရေး၊ ရာသီဥတုဒဏ်ခံနိုင်သော စိုက်ပျိုးရေး၊ လယ်ယာဘဏ္ဍာရေးကဏ္ဍတို့နဲ့စပ်လျဉ်းပြီး မကြာသေးမီက အီဂျစ်တွင် ကျင်းပသည့် COP 27 အခမ်းအနား အင်ဒိုနီးရှားနိုင်ငံ G 20 ထိပ်သီးဆွေးနွေးပွဲတို့တွင်
* စိုက်ပျိုးရေးကဏ္ဍ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ရင်းနှီးမြှုပ်နှံမှုများ၊ အရှိန်အဟုန်မြှင့်ရန်၊
* စားနပ်ရိက္ခာစနစ်များကို ဒစ်ဂျစ်တယ်နည်း ပညာများဖြစ်သော Cloud Computing earth observation remote sensing AI ML ရာသီဥတု loT , GIS , Drones တို့ဖြင့် တိုးတက်အောင် အထောက်အကူပြုရန်၊
* အသေးစား တောင်သူလယ်သမား စွမ်းရည်မြှင့်တင်ရေးအပေါ် အာရုံစူးစိုက်မှုမြှင့်တင်ရန်၊
* စားနပ်ရိက္ခာ ဖူလုံရေး တည်ဆောက်ရန်နှင့် အစားအစာ အလေအလွင့် လျှော့ချရန်၊
* မြေဆီလွှာ ပျက်စီးခြင်းကို လျှော့ချရန်တို့ကို အလေးထား ဆောင်ရွက်ရန် ပါရှိတာကို လေ့လာတွေ့ရှိရပါတယ်။
ထိုအချက်များအနက် လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံမှုကို တောင်သူလယ်သမားများ တတ်နိုင်မည်မဟုတ်သဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ကန်ထရိုက်လယ်ယာစနစ် ရင်းနှီးမြှုပ်နှံမှသာ အဆင်ပြေလိမ့်မယ်လို့ ယူဆပါတယ်။
စိုက်ပျိုးရေးနည်းပညာများအနက် မြေဆီလွှာနှင့် ရေအာရုံခံကိရိယာများ (Soil and water sensors)၊ ရာသီဥတုခြေရာခံကိရိယာများ (Weather tracking devices)၊ ဂြိုဟ်တုပုံရိပ် (Satellite Imaging)၊ Mini chromosome နည်းပညာ၊ Radio Frequency identification(RFID) နှင့် Pervasive automation တို့ကို အစိုးရဆိုင်ရာ ဌာနများက လုပ်နိုင်မယ်လို့ ယူဆပါတယ်။
အချုပ်အားဖြင့်ဆိုသော အခြားဖွံ့ဖြိုးပြီး နိုင်ငံအများအပြားကပါ အလေးထားကြိုးစားလာကြသော စိုက်ပျိုးရေးမွေးမြူရေးကဏ္ဍ စိန်ခေါ်မှုများကို ခေတ်မီနည်းပညာအထောက်အကူဖြင့် တိုးတက်အောင် ကြံဆောင်နိုင်ကြမှသာ အနာဂတ်တွင် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး သာမက ပြည်ပသို့တင်ပို့နိုင်ရေးတို့အတွက် စိတ်အေးကြရလိမ့်မယ်လို့ ရှုမြင်မိပါတယ်။
သုတနိုင်