Main menu

Background

ဘိန်းအစားထိုး စိုက်ပျိုးသီးနှံ ဝဥ

Mon, 11/20/2023 - 11:25 -- journal_editor

ရှမ်းပြည်နယ်(တောင်ပိုင်း)  ဟိုပုံးမြို့နယ်တွင် ဘိန်းအစားထိုးသီးနှံဖြစ် သည့် ဝဥကို တွင်တွင်ကျယ်ကျယ်စိုက်ပျိုးထားသော်လည်း ယခင်နှစ်များကဲ့သို့ ဈေးကောင်းမရရှိကြောင်း သိရသည်။ စိုက်ပျိုးရေးလုပ်ကိုင်သောတောင်သူ များသည် ဘိန်းအစားထိုးသီးနှံဖြစ်သည့် ဝဥကို စိုက်ပျိုးထားကြပြီး ယခုအခါ ဝဥဈေးသည် ၂၀၁၈ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များကဲ့သို့ ဈေးကောင်းမရရှိသေး သဖြင့် မြေကြီးထဲတွင်သာ သိုလှောင်ထားနေရကြောင်း သိရသည်။ 
ပြီးခဲ့သည့် စက်တင်ဘာလတွင် စက်ရုံများမှ အဝယ်မရှိသေးသည့် အတွက် ဝဥအစိုတစ်ပိဿာလျှင် ကျပ် ၇၀ဝ၊ ကျပ် ၈၀ဝ ဈေးသာရှိခဲ့ပြီး ယခု နိုဝင်ဘာလတွင် တစ်ပိဿာ ကျပ် ၁၀ဝ၀ ဝန်းကျင်ခန့်သာရှိခဲ့သည်။ ဈေးမ ကောင်းခြင်းနှင့် ဝယ်သူ နည်းပါးလာခြင်းတို့ကြောင့်  တောင်သူများကလည်း မတူးတော့ဘဲ မြေကြီးထဲမှာသာ လှောင်ထား၍ ဈေးကောင်းရသည့် အချိန် ၌သာ ပြန်တူးပြီးရောင်းကြမည်ဟု သိရသည်။ 
ဝဥပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး နှစ်နှစ်မှ လေးနှစ်အထိစိုက်ပျိုးရသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ပင်လောင်း၊ ဟိုပုံး၊ ပေါင်းလောင်းဒေသမှ ဝဥ စိုက်တောင်သူများသည် ပွဲစားများမှတစ်ဆင့် ရောင်းဝယ်နေရပြီး မျိုးစေ့ကို ချင်းပြည်နယ်မှ မှာယူစိုက်ပျိုးရကြောင်း သိရှိရသည်။
ယခုနှစ်ဈေးနှုန်းနှင့် ၂၀၂၂ခုနှစ် ဈေးနှုန်းကို နှိုင်းယှဉ်ပါက ဝဥပေါက် ဈေး အစိုတစ်ပိဿာလျှင်  ကျပ် ၄၀ဝ ဈေးကျလျက်ရှိနေသည်။ ကိုဗစ်နှင့် နိုင်ငံရေးအခြေအနေများကြောင့် ယနေ့အချိန်ထိ ဝဥမှာ ဈေးကောင်းပြန်မရ သေးကြောင်း ဝဥ စိုက်တောင်သူများထံက သိရှိရသည်။
ယခုအခါ ဝဥကို ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန် ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေး တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်များတွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရ သည်။ ဝဥများကို ကုန်ချောအဆင့်ထိ မထုတ်နိုင်သေးသဖြင့် ကုန်ကြမ်းအဖြစ် သာ ထုတ်ရောင်းနေရပြီး မြန်မာနိုင်ငံထွက် ဝဥများကို တရုတ်နှင့် ဂျပန်သို့ အဓိကတင်ပို့ရကြောင်း သိရှိရသည်။

ဧဧခိုင် (တောင်ကြီး)