နာနတ်သီးသည် အရည်ရွှမ်း၊ အနံ့မွှေး၍ အရသာကောင်းမွန် သည့်အပြင် ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ကြွယ်ဝသဖြင့် ကျန်းမာ ရေးအတွက် များစွာအထောက်အကူပြုကြောင်း သိရှိရသည်။
နာနတ်ပင်၏မူရင်းဒေသမှာ တောင်အမေရိကတိုက်၏ အကြီးဆုံးနိုင်ငံဖြစ်သော ဘရာဇီးနိုင်ငံဖြစ်ကြောင်း သိရှိရပြီး မူလအမည်မှာ တောင်အာဖရိကဒေသခံ Tupi Indian တို့၏ Nana ဟူသော ဝေါဟာရ မှဆင်းသက်လာသည့် Ana nas ပင်ဖြစ်သည်။ ရုက္ခဗေဒအမည်မှာ Annaascomosus ဖြစ်ပြီး မျိုးရင်းအမည်မှာ BROMELIANCEAE ဖြစ်သည်။
နာနတ်သီးတွင် Cayene, Queen နှင့် Spanish ဟူ၍ အုပ်စု သုံးမျိုးရှိကြောင်း သိရှိရသည်။ Cayenne အုပ်စုသည် အဓိကအရေး ပါသောအုပ်စုဖြစ်ပြီး အသီးအရွယ်အစား ၂ ဒသမ ၅မှ၃ ဒသမ ၅ ကီလိုဂရမ်အထိ ကြီးမားပြီး စည်သွပ်ရန်သင့်တော်သည်။ အသား အဝါရောင်ရှိ၍ အရည်ရွှမ်းသည်။ အရွက်၏ အဖျားပိုင်းရွက်နား တွင်သာ ဆူးအနည်းငယ်ပါရှိသည်။ Queen အုပ်စုတွင် ပါဝင်သော မျိုးများမှာ အရွယ်အစားသေးငယ်ပြီး လတ်လတ်ဆတ်ဆတ် စားသုံးရန်အတွက်ဖြစ်သည်။ အသီးအရွယ်အစား ဝ ဒသမ ၄၅ မှ၂ ဒသမ ၇ ကီလိုဂရမ်အထိရှိသည်။ အရွက်နားတစ်လျှောက်တွင် ဆူးများ ပါရှိသည်။ Spanish အုပ်စုမျိုးများမှာ အသားအဖြုရောင်ရှိသည်။ အခြားမျိုးများထက်ပို၍ အပင်သန်စွမ်းပြီး ရောဂါဒဏ်ခံနိုင်ရည်ရှိသည်။ အပင်သက်တမ်းရှည်ပြီး အသီးအလေးချိန် ဝ ဒသမ ၉မှ၁ ဒသမ ၄ ကီလိုဂရမ်ထိရှိသည်။
စိုက်ပျိုးရန်မြေအမျိုးအစား
နာနတ်ပင်သည် မြေသြဇာကောင်းမွန်ပြီး ရေစီး ရေစိမ့်မှု ကောင်းသော သဲဆန်သော မြေ၊ နုန်းမြေ၊ ဂဝံမြေများတွင် သင့်လျော်ပြီး အသင့်တော်ဆုံး မြေအချဉ်ငံဓာတ်မှာ ၅ ဒသမ ၅-၆ ဖြစ်သည်။ အပူချိန် ၁၅ ဒသမ ၅-၃၂ ဒသမ ၅) ဒီဂရီစင်တီဂရိတ်နှင့် မိုးရေချိန် ၁၅၀ စင်တီမီတာတို့မှာ အသင့်တော်ဆုံးဖြစ်ပြီး ပင်လယ်ရေမျက်နှာ ပြင်အမြင့် ၁၅၂၅ မီတာထိ စိုက်ပျိုးနိုင်ကြောင်း သိရှိရသည်။
မျိုးများ
ထင်ရှားသောမျိုးများမှာ ဟင်္သာတနိဗ္ဗာန်မျိုး၊ သီပေါမျိုး၊ မြစ်ကြီးနားမျိုး၊ သထုံမျိုးနှင့် ထိုင်ဝမ်နာနတ်တို့ဖြစ်သည်။
မျိုးပွားခြင်း
အပင်ဖြစ်ထွန်းမှုမှာစိုက်ပျိုးသည့် နာနတ်အမျိုးအစား၊ ပျိုးပင် အမျိုးအစားအပေါ် မူတည်သည်။နာနတ်မျိုးပွားရာတွင် သားတက် များကို ပျိုးပင်အဖြစ် ဖြတ်ယူမျိုးပွားကြရသည်။ မျိုးပွားနိုင်သော သားတက် သုံးမျိုးရှိသည်။ နာနတ်ပျိုးပင်ကို-
၁။ Slip အသီးအောက်မှထွက်သော သားတက်
၂။ Sucker ပင်စည်မှထွက်သော သားတက်
၃။ Crown အသီးအပေါ်မှထွက်သော အပင်
အသီးအောက်မှထွက်လာသော သားတက်များ Slip စိုက်ပျိုးခြင်းသည် ပင်စည်မှထွက်လာသောသားတက် (Sucker) စိုက်ပျိုးခြင်းထက် ပိုကောင်းသည်။ Slip နှင့် Sucker စိုက်ပျိုးခြင်းသည် အသီးပေါ် ရှိအပင် (Crown ) စိုက်ပျိုးခြင်းထက် ပိုကောင်းသည်။ Slip မရနိုင်ပါက အလေးချိန် ၅၀ဝ ဂရမ်ရှိ Sucker များကို စိုက်ပျိုးခြင်းက အကောင်းဆုံးဖြစ်သည်။ Sucker ဖြင့်စိုက်ပျိုးပါက Slip ထက် သီးပွင့်မှုပိုစေသည်။ အချို့မျိုးများတွင် Slip မထွက်ပါ။ စိုက်ပျိုးသည့်သား တက် အမျိုးအစားကွဲပြားပါက အပင်ကြီးထွားမှု မညီမညာဖြစ်ကာ အသီးအထွက်လည်း မညီညာပါ။ သားတက်များဖြင့် စိုက်ပျိုးခြင်းအပြင် Tissue culture ပျိုးပင်နာနတ်ခေါင်းမှ အရွက်များကို ဖြတ်တောက်ပျိုးထောင်ထားသော ပျိုးပင်များကိုလည်း အသုံးပြု စိုက်ပျိုးနိုင်သည်။
မြေပြုပြင်ခြင်း
ကောင်းစွာထယ်ထိုး ထွန်မွှေထားသော မြေပေါ်တွင် စိုက်ဘောင်အနံ သုံးပေ၊ အမြင့် ခြောက်လက်မရှိ စိုက်ဘောင်များကို တစ် ဘောင်နှင့်တစ်ဘောင် ငါးပေခြား၍ပြုလုပ်ပါ။ ဘောင်ဆွဲစဉ် မြေခံအဖြစ် နွားချေး၊ ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ်မြေသြဇာများကို ထည့် သွင်းပြီး မြေပြုပြင်ရပါမည်။ တောင်စောင်းဆင်ခြေလျှောများတွင် ၎င်းဆင်ခြေလျှောကို ကန့်လန့်ဖြတ်၍ (၁)ပေခန့်ရှိ စိုက်မြောင်းများ ဖော်ရမည်။
စိုက်ပျိုးခြင်း
တစ်ဘောင်နှင့်တစ်ဘောင် ငါးပေခြား ပြုပြင်ထားသော စိုက် ဘောင်များပေါ်တွင် တစ်ပင်နှင့်တစ်ပင် နှစ်ပေခြား၍ စိုက်ပျိုးပါ။
မြေသြဇာကျွေးခြင်း
မြေခံအဖြစ်တစ်ဧကလျှင် နွားချေး အိတ် ၃၀ဝ၊ ယူရီးယား တစ်အိတ်ခွဲ၊ တီစူပါတစ်အိတ်၊ ပိုတက်ရှ်နှစ်အိတ်နှုန်း အသုံးပြုပါ။ သီးထွက်တစ်ရာသီအတွင်း တစ်ပင်လျှင် ယူရီးယား ၂၅ ဂရမ်၊ ပိုတက်ရှ် ၂၀ ဂရမ်ကျွေးပါ။ မြေညံ့လျှင် တီစူပါ ရှစ်ဂရမ်ထည့်ပါ။ ယူရီးယားကို နှစ်လခြားတစ်ကြိမ်ဖြင့် ခြောက်ကြိမ်၊ ပိုတက်ကို နှစ် ကြိမ်ခွဲ၍ထည့်ပါ။ ထည့်ရမည့် တီစူပါအားလုံးနှင့် ပိုတက်ရှ်တစ်ဝက် ကို အပင်စိုက်ပျိုးချိန်တွင် ထည့်သွင်းပေးပြီး ကျန်တစ်ဝက်ကို အပင် စိုက်ပြီး ခြောက်လအကြာတွင် ထည့်ပေးပါ။
မွန်ပြည်နယ်နာနတ်သီး
မွန်ပြည်နယ်၌ စိုက်ပျိုးသော နာနတ်ပျိုးပင်အများစုမှာ အသီးပေါ်မှထွက်သော အပင် Crown ကိုသာ စိုက်ပျိုးကြပြီး နာနတ်သီး စိုက်ပျိုးပုံမှာ ရော်ဘာပင်တန်းများကြား အလယ်ဗဟိုတွင် ၁ ဒသမ ၅ မီတာခြားပြီး နာနတ်သီးပင် အတန်းနှစ်တန်းကို စိုက်ပျိုးနိုင်သည်။ နာနတ်ပင် အတန်းများအတွင်း၌ အပင်တစ်ပင်ချင်းစီ၏ အကွာ အဝေးမှာ ၃၀-၄၅ စင်တီမီတာနှင့် ၆၀ စင်တီမီတာအတွင်း စိုက်ပျိုး ကြသည်။ နာနတ်သီးပင်ကို မိုးဦးကျကာလတွင် စိုက်ပျိုးကြသည်။ အပင်များကြီးထွားလာသောအခါ အပင်များ အမြစ်ကောင်းစွာစွဲရန် အတွက် အပင်ခြေရင်းကို မြေဖို့ပေးခြင်း၊ ပေါင်းမြက်များ ရှင်းပေးခြင်း၊ သဘာဝမြေသြဇာများဖြစ်သော ကောက်ရိုး၊ မြက်ခြောက်၊ လွှာစာ ဆွေး၊ စပါးခွံတို့ဖြင့် အပင်ခြေနှင့် အပင်ကြားတွင် ဖုံးအုပ်ပေးရသည်။
အပင်စိုက်ပြီး ၁၁-၁၂ လအကြာတွင် ပန်းပွင့်ပြီး ၊ ၁၅-၁၈ လ အကြာတွင် ရိတ်သိမ်းနိုင်သော အဆင့်ကို ရရှိနိုင်သည်။ မိုးဦးရာသီ မေလကုန် ဇွန်လဆန်းမှ စက်တင်ဘာလကုန်ပိုင်းတို့တွင် နာနတ်သီး များ လှိုင်လှိုင်ထွက်ပေါ်ကြောင်း သိရှိရသည်။ ဆောင်းရာသီတွင် ရင့်မှည့်သော အသီးများမှာ အချဉ်ဓာတ်များသည်။ စည်သွတ်ရန် အတွက်ဖြစ်လျှင် ကြီးထွားဆဲ အသီး၏အခြေတွင် အရောင်အနည်း ငယ်ပြောင်းလျှင် ရိတ်သိမ်းသည်။ လတ်လတ်ဆတ်ဆတ် စားသုံးရန် အတွက်ဖြစ်လျှင် အသီးအရောင်ရွှေဝါရောင်သို့ ဖြစ်လာသည်အထိ ထားရှိရပါမည်။
မွန်ပြည်နယ်တွင် နာနတ်သီးကို ကျိုက်ထို၊ ဘီးလင်း၊ ပေါင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ သံဖြူဇရပ်၊ ရေး၊ လမိုင်း၊ ခေါဇာမြို့နယ်များ တွင် အများဆုံးစိုက်ပျိုးကြပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စုစု ပေါင်းစိုက်ဧက ၆၄၀၃ ဧကရှိပြီး ရိတ်သိမ်းဧက ၄၈၇၄ ဧက၊ အထွက် နှုန်းမှာ တစ်ဧကလျှင် ၆၆၁၆ ဒသမ ၉၅ လုံး ရှိပြီး စုစုပေါင်း ထွက်ရှိမှု ၃၂၂၅၀၉၉၇ လုံးထွက်ရှိကြောင်း သိရှိရသည်။
မိုးဦးရာသီ နာနတ်သီး စတင်ထွက်ပေါ်ချိန်တွင် ဈေးနှုန်းများ မှာ ခေါင်သီး (အကြီးဆုံး) ၄၀ဝ၀-၃၅၀ဝ ကျပ်၊ အလတ် ၂၅၀ဝ ကျပ်၊ အငယ် ၁၅၀ဝ ကျပ်ဖြင့် မွန်ပြည်နယ်အတွင်း မြို့နယ်များ၊ ရန်ကုန်-မော်လမြိုင် လမ်းဘေးဝဲ/ယာ ကားလမ်းဘေးရှိ ဈေးဆိုင် များ၊ ပဲခူး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။
နာနတ်သီးတွင် အဓိကပါဝင်သော အာဟာရဓာတ်များမှာ ကာဗိုဟိုက်ဒြိတ်၊ ဗီတာမင်၊ သတ္တုဓာတ်နှင့် အင်ဇိုင်းဓာတ်များ ပါဝင်ပြီး အဆိုပါ အာဟာရ ဓာတ်များသည် ပင်ပန်းနွမ်းနယ်မှုများကို လျော့နည်းစေခြင်း၊ အရိုးကျန်းမာရေးကောင်းစေခြင်း၊ ကိုယ်ခံစွမ်း အားမြင့်မားစေခြင်း၊ ရောင်ရမ်းမှုနှင့် နာကျင်မှုများကို သက်သာစေ ခြင်း၊ စွမ်းအင်ထုတ်လုပ်ပေးခြင်း၊ အစာချေစနစ် ကောင်းစေခြင်း၊ သွေးလည်ပတ်မှု ကောင်းစေခြင်း၊ နှလုံးကျန်းမာ ရေးကောင်းမွန်စေ ခြင်း စသည့်အကျိုးအာနိသင်များရရှိစေသည်။ နာနတ်သီးကို သဘာဝ အတိုင်း အမှည့်စားသုံးခြင်း၊ ဖျော်ရည် ပြုလုပ်ခြင်း၊ ယိုထိုးခြင်း၊ သစ်သီးခြောက်ပြုလုပ်ခြင်း စသည်တို့ ပြုလုပ်စားသုံးနိုင်သည်။
မွန်ပြည်နယ်ရှိ နာနတ်သီးစိုက်ပျိုးခြင်းမှာ ရော်ဘာပင်များ အကြား သီးညှပ်စိုက်ပျိုးခြင်းဖြစ်သဖြင့် မြေနေရာလိုအပ်ချက် လျော့ နည်းစေခြင်း၊ စိုက်ပျိုးရလွယ်ကူခြင်း၊ အရင်းအနှီး နည်းခြင်း၊ ကျန်းမာ ရေးအတွက် အကျိုးရှိခြင်း၊ အပိုဝင်ငွေရရှိခြင်း၊ ဈေးကွက်အလား အလာရှိခြင်းတို့ကြောင့် နာနတ်သီးစိုက် တောင်သူများအနေဖြင့် တွက်ခြေကိုက်မှုရှိကြောင်း သိရှိရသည်။
ကိုးကား-စိုက်ပျိုးရေးဦးစီးဌာန
မိုးမိုး(မွန်)