Main menu

Background

Wednesday, 30 Nov 2011

                         သဘာဝရော်ဘာကို ဦးဆောင်သုံးစွဲသူတွေဖြစ်တဲ့ မော်တော်ကားတာယာ ထုတ်လုပ်သူများ အသင်း(ATMA) နဲ့ အိန္ဒိယရော်ဘာစက်မှုလုပ်ငန်းများအသင်း (AIRIA)  တို့က လက်ငင်းဈေးကွက် ဖရိုဖရဲဖြစ်နေတာကြောင့် ရှေ့လာမယ့်ရော်ဘာ အရောင်းအဝယ်ဈေးကွက်အတွက် ဆိုင်းငံ့ထားသင့်ကြောင်း ပြောဆိုလိုက်တယ်လို့ သိရပါတယ်။(AIRIA)  ရဲ့ ဥက္ကဌက ပြည်တွင်းဈေးကွက်မှာ ရောင်းလိုအားနဲ့ ဝယ်လိုအားက အခြေခံကျပြီး ပြည်တွင်းဈေးက ကမ္ဘာ့ဈေးထက် မြင့်နေခြင်းကလည်း ပုစ္ဆာဆန်ကြောင်း၊ထုတ်လုပ်မှုအမြင့်ဆုံးလတွေရှိခဲ့ပြီး ရော်ဘာအသင်းရဲ့ အကြံပြုချက်အတိုင်း တန်ချိန် ၂ ဒသမ ၅ သိန်း ကျော်ထုတ်လုပ်နိုင်ခဲ့ကြောင်း ပြောကြား တယ်လို့ သိရပါတယ်။                     (ATMA) က ဈေးကွက်ကော်မရှင်ကို ပေးပို့တဲ့စာမှာတော့ အနာဂတ်ဈေးကွက်ကို ကျစ်ကျစ်လျစ်လျစ် ဖြစ်အောင် ဆောင်ရွက်သင့်ကြောင်း ရေသားထားပါတယ်။ မကြာခင်က နိုဝင်ဘာလစာချုပ်တွေ သက်တမ်း ကုန်ဆုံးခဲ့ပြီး နိုဝင်ဘာ ၁ ရက်နေ့ ဈေးကွက်အဖွင့်မှာ ၁၄၉၁ တန်ရှိပြီး သိုလှောင်ရုံတွေမှာ သိုလှောင်မှု တန် ၁၁၀ ရှိကြောင်း သိရပါတယ်။ တောင်သူတွေနဲ့ ကုန်သည်တွေကတော့ လောလောဆယ်ဘာလုပ်ရမှန်းမသိဘဲ လှောင်ကုန်တွေကို ကိုင်ထားပြီး တခြားတစ်ဖက်မှာတော့ သုံးစွဲသူတွေအနေနဲ့လည်း ရွေးချယ်ပိုင်ခွင့်မရှိပေမယ့် သွင်းကုန်စာချုပ်တွေ ချုပ်ဆိုနေကြပါတယ်။ ဒီလိုဆောင်ရွက်ရတာက ကုန်ပစ္စည်းလုံလောက်မှု ရရှိရုံမက ပြည်တွင်းဈေးတွေ ကြီးမြင့်တာကိုလဲ ကာမိစေကြောင်း သိရပါတယ်။ ဒါပေမယ့် စိုက်ပျိုးသူတွေနဲ့ ကုန်သည်တွေက သွင်းကုန် အသွင်းများပြီး အထွက်ကောင်းတဲ့လတွေမှာ စွန့်စားရမယ့်အခြေအနေနဲ့ ရင်ဆိုင်ရဖွယ်ရှိပါတယ်။ဈေးကွက် မငြိမ်မှုက ပုံမှန်ဆောင်ရွက်နေတဲ့ကုန်သည်တွေကို စိုက်ပျိုးသူများထံမှ ဝယ်ရင်းဈေးနဲ့ သုံးစွဲသူတွေကို ပြန်ရောင်းရတဲ့ အခြေအနေကို ရောက်စေပါတယ်။ အရောင်းအဝယ်သမားများက တောင်သူဆီကဝယ်တဲ့ ငွေပမာဏကို ရင်းနှီးမြှုပ်နှံထားရပြီး ဈေးကစားသူတွေက သဘာဝရော်ဘာရဲ့အနာဂတ်မှာ ဈေးတက်တာဖြစ်ဖြစ်၊ ဈေးဆွဲချတာ ဖြစ်ဖြစ် ၎င်းတို့ရဲ့အကျိုးအတွက် ဆောင်ရွက်နိုင်တာကြောင့် အနာဂတ်ဈေးကွက်မှာ ဈေးကစားမှုကို ကြုံတွေ့ရမှာ စိုးရိမ် နေကြကြောင်း သိရပါတယ်။ ှSource:business lineKZW

Wednesday, 30 Nov 2011

             လွန်ခဲ့တဲ့ရက်သတ္တပတ်အထိ ကမ္ဘာ့ရော်ဘာဈေးနှုန်းတွေကျဆင်းပြီး တရုတ်ကိုတင်ပို့မှုမှာ အခက်အခဲ တွေနဲ့ ရင်ဆိုင်နေရကြောင်း Saigon Economic Times ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်က နယ်စပ်ကုန်သွယ်မှု အလွန်အားနည်းခဲ့ပြီး လက်ရှိဈေးနှုန်းကို ဗီယက်နမ်ရော်ဘာ စီးပွားရေး လုပ်ငန်းတွေက စိတ်ဝင်စားမှု မရှိကြောင်း သိရပါတယ်။             တရုတ်ကုန်သည်တွေရဲ့ ဝယ်လိုအားတွေများနေပြီး ကုန်သည်တွေက ပမာဏတော်တော်များများ တင်သွင်းလိုပေမယ့် တရုတ်အာဏာပိုင်တွေကတော့ တစ်တန်ကို ၂၃၀၀၀ ယွမ်ထက် ဈေးပိုမပေးရန် သတ်မှတ်ထားကြောင်း သိရပါတယ်။ တကယ်လို့ တရုတ်အာဏာပိုင်တွေက သဘာဝရော်ဘာကို တရားဝင်ပို့ကုန်၊ သွင်းကုန်အဖြစ် သတ်မှတ်တယ်ဆိုရင် သူတို့အနေနဲ့ ကုန်သည်တွေအမြတ်ရနိုင်မယ့် သင့်တော်တဲ့ သွင်းကုန်အခွန်နှုန်း ထားနဲ့ ကောက်ခံသင့်ကြောင်း၊ ဒါမှသာဈေးကွက်လည်း အသက်ဝင်လာမှာဖြစ်ကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်မှာMong Cai  နယ်စပ်ဂိတ်မှာ ရော်ဘာတင်ပို့မှု ကျဆင်းခဲ့ကြောင်း သိရပါတယ်။ ၎င်းင်းနယ်စပ်ဂိတ်မှာ ဗီယက်နမ်ရော်ဘာSVR 3L ရဲ့ အခွန်မပါဈေးနှုန်းက တစ်တန်ကို ၂၂၁၀၀ ယွမ်ရှိကြောင်း သိရပါတယ်။ ရောင်းလိုအားကတော့ ကုန်ကျစရိတ်သက်သာတဲ့အတွက် အများအပြားရှိတယ်လို့ သတင်း ရရှိပါတယ်။ Source: vietnam business news KZW

Tuesday, 29 Nov 2011

                     ယခုအချိန်ကာလဟာ ဆောင်းကြက်သွန်နီစိုက်ပျိုးပြီးချိန်ဖြစ်လို့ မိုးကြက်သွန်နီ(အဟောင်း)များ အစို့ ပေါက်တဲ့ ကာလဖြစ် နေပါတယ်။ အလျှော့တွက်များတဲ့အတွက် ပြည်ဈေးကွက်ပွဲရုံများရဲ့ စီးဝင် မှုကို ရောင်းအား ရှိသလောက်သာ ချင့်ချိန်လက်ခံ လျက်ရှိကြောင်း သိရပါတယ်။ ပစ္စည်းအရည်အသွေးကြောင့် ကြက်သွန်နီဈေးနှုန်း များလည်း ယခင်အပတ်ကထက် ပွဲရုံဈေးမှာ ကျဆင်းလျက်ရှိနေပါတယ်။ ယခုတစ်ပတ် ပခုက္ကူ၊ ရေနံချောင်းနဲ့ ကျောက်ပန်းတောင်း ဘက်တို့မှ ၃၅ ပိဿာဝင် အိတ် ၁၅၀၀ ခန့် အဝင်ရှိလို့ လက်လီ၊ လက်ကားရောင်းဝယ်သူများ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည် နယ်တို့ကို စီးဆင်းမှုအဖြစ် ဈေးကွက်အတွင်းကို အိတ် ၁၃၅၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြည်ပွဲရုံများရှိ ကြက်သွန်နီဈေးမှာ တစ်ပိဿာ (ရှယ်) ၇၀၀ ကျပ်၊ (ကြီး) ၆၅၀ ကျပ်၊ (လတ်) ၅၅၀ ကျပ်၊ (သေး) ၅၀၀ ကျပ်တို့နဲ့ အသီးသီး ရောင်းဝယ် လျက် ရှိနေပါတယ်။ ဝင်းလဲ့ဝါ

Tuesday, 29 Nov 2011

               အိန္ဒိယဈေးကွက်များကို နိုဝင်ဘာလ ၂၃ ရက်မှာ ဝင်ရောက်မှုများလာတဲ့အတွက် နနွင်းဈေးထပ်မံ ကျဆင်းခဲ့ပါတယ်။ သီးနှံထွက်ရှိမှုအလားအလာကောင်းခြင်းနဲ့ လက်ကျန်များခြင်းတို့က ဈေးနှုန်းကိုဖိအားဖြစ်စေပါတယ်။ လတ်တလောမှာ ဝယ်လိုအားနည်းပေမဲ့ လာမယ့်သီတင်းပတ်များမှာ ပြည်ပဝယ်လိုအားတက်လာဖွယ်ရှိခြင်းကတော့ ဈေးနှုန်းကို အထောက်အပံ့ ဖြစ်စေပါတယ်။                   ကုန်သည်များခန့်မှန်းတာကတော့ ထုတ်လုပ်မှုတိုးတက်မယ့်အလားအလာနဲ့ လက်ကျန်များနေတဲ့အတွက် ကာလတို အတွင်း ဈေးနှုန်းဆက်လက်အားပျော့နိုင်တယ်လို့သိရပါတယ်။ လှောင်လက်များကတော့ လာမယ့် ရက်တွေမှာ ဈေးနှုန်းမြင့် တက်မယ့် ခန့်မှန်းချက်တွေကြောင့် ဈေးအနိမ့်မှာ ၎င်းင်းတို့သိုလှောင်နနွင်းများ ဆက်ထိန်း ထားတယ်လို့ဆိုပါတယ်။ မဒ္ဒရာပရာဒေ့ရှ်မှာ မုတ်သုန်မိုးကောင်းတဲ့အတွက် စိုက်ပျိုးမှုတိုးတက်နေတယ်လို့ဆိုပါတယ်။ ယခုနှစ် နနွင်းထုတ်လုပ်မှုဟာ ၂၀၁၀-၂၀၁၁ အတွင်းထွက်ရှိခဲ့တဲ့ ၇၅ ကီလိုပါအိတ် ၆၅-၇၀ သိန်းထက်ပိုမိုပြီး အိတ် ၇၅-၈၅ သိန်းအထိ ရောက်ရှိ နိုင်တယ်လို့ခန့်မှန်းထားပါတယ်။ ပြည်ပတင်ပို့မှု နှေးကွေးဆဲဖြစ်ပေမဲ့ လာမယ့် သီတင်းပတ်များမှာတော့ ဥရောပ၊ အမေရိကန်၊ အနောက်အာရှနဲ့ဂျပန်တို့ကို တင်ပို့မှုမြင့်တက်ဖွယ် ရှိတယ်လို့ သိရပါတယ်။ ၂၀၁၁ ဧပြီလမှ စက်တင်ဘာလအတွင်း တန်ချိန် ၄၁၅၀၀ ထိ တင်ပို့ပြီးဖြစ်လို့ ၂၀၁၀ ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၂၈၅၀၀ ထက် ၄၆ ရာခိုင်နှုန်း ပိုမိုတယ်လို့သိရပါတယ်။ နိုဝင်ဘာလ ၂၃ ရက်နေ့ အီရော့နနွင်းကုန်သည်မျာ းအသင်းဈေးဝင်းမှာ နနွင်းလက်ချောင်း တစ်တန် ရူပီး ၃၄၀၉၀- ၄၆၈၉၀ (ကန်ဒေါ်လာ ၆၅၅-၉၀၁) ရှိပြီး နနွင်းဥဈေးမှာ ရူပီး ၃၂၀၉၀-၄၄၇၅၀ (ကန်ဒေါ်လာ ၆၁၆-၈၅၉) ဈေးရှိတယ် လို့သိရပါတယ်။ ယမင်းခင်၊Source: commodityonline

Tuesday, 29 Nov 2011

                  ရှမ်းနနွင်းရဲ့ဈေးက ၂၀၁၀ ခုနှစ်မှာ ၅ နှစ်အတွင်း ဈေးအကောင်းဆုံးရခဲ့တဲ့နှစ်ဖြစ်ပါတယ်။ အိမ်နီးချင်း နိုင်ငံတွေက ဝယ်လိုအားများများနဲ့ ဝယ်ယူခဲ့တာကြောင့် အရောင်းရဆုံးနှစ်လည်းဖြစ်ပြီး၊ လက်ကျန်တွေ အများကြီး စုပုံနေတဲ့ နှစ်ချို့နနွင်း တွေလည်း ရောင်းထွက်ခဲ့ပါတယ်။                   ၂၀၁၁ ခုနှစ်မှာတော့ ပြည်ပဝယ်လိုအားနည်းပြီး၊ ပြည်တွင်းသုံးအတွက် အမှုန့်ကြိတ်ရန်၊ ခြင်ဆေးခွေ ပြုလုပ်ရန်၊ ပရဆေးဖော်ရန်အတွက်သာ ဝယ်ယူသုံးစွဲတာကြောင့် အရောင်းမသွက်ခဲ့ပါဘူး။ နနွင်းခေါင်းတွေကို တော့ မူဆယ်ဝယ်လက်တွေ ဝယ်တာကြောင့် ပစ္စည်းလက်ကျန်ပြတ်သွားပေမယ့် နနွင်းတက်တွေကတော့ လက်ကျန်အများကြီး ရှိနေဆဲဖြစ်ပါတယ်။ လက်လီသမားတွေ ဝယ်နေတဲ့အတွက် အောင်ပန်းဈေးကွက်ကနေ တစ်ပတ်ကို ပိဿာချိန် ၂၀၀၀ - ၃၀၀၀ ခန့်သာ အထွက်ရှိ တယ်လို့လည်း သိရပါတယ်။ လွန်ခဲ့တဲ့ ၃-၄ လခန့်က ဆင်တောင်နနွင်းကို အရောင်တင်ဆီအဖြစ် အသုံးပြုဖို့ ဝယ်ပေမယ့် ယခုလောလောဆယ်တော့ အဝယ်ရပ်နေပါတယ်။ လက်ရှိနနွင်းဈေးနှုန်းကတော့ ရိုးရိုးနနွင်းက ကျပ် ၁၀၀၀ ကျပ် - ၁၂၀၀ ကျပ်နဲ့ ဆင်တောင်နနွင်းက တစ်ပိဿာ ၁၈၀၀ ကျပ် - ၂၀၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ ဧဧခိုင်

Tuesday, 29 Nov 2011

                    အိန္ဒိယအစိုးရမှ ကြက်သွန်နီအနိမ့်ဆုံးတင်ပို့ဈေးနှုန်း MEP ကို တစ်တန်ကန်ဒေါ်လာ ၁၂၅ လျှော့ပြီး ကန်ဒေါ်လာ ၃၅၀ကို သတ် မှတ်ပြီးတဲ့နောက် ပြည်တွင်းဈေးနှုန်းကျဆင်းနေတဲ့အတွက် အနိမ့်ဆုံး တင်ပို့ဈေးနှုန်းကို ထပ်မံ လျှော့ချဖို့ စီစဉ် နေတယ်လို့ စိုက်ပျိုးရေး ဝန်ကြီး ရှရတ်ပါဝါမှ ပြောကြားပါတယ်။ နောက် ၃-၄ ရက်အတွင်း ပြည်တွင်းဈေးကွက်တွေမှာ ဖြစ်ပေါ်နေတဲ့ ကြက်သွန်နီဈေးနှုန်း သတင်းများကို စုဆောင်းဖို့ အစိုးရအရာရှိများကို ညွှန်ကြား ထား ကြောင်းလည်း ပြောကြားပါတယ်။                        ရရှိတဲ့သတင်းအချက်အလက်များပေါ် အခြေခံပြီး ကြက်သွန်နီ တင်ပို့ဈေးနှုန်းကို ထပ်မံလျှော့ချဖို့ ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။ အိန္ဒိယအစိုးရဟာ ပြည်ပတင်ပို့မှုကို အားပေးတဲ့အနေနဲ့ နိုဝင်ဘာ ၁၉ ရက်မှာ အနိမ့်ဆုံးတင်ပို့ဈေးနှုန်းကို လျှော့ချခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်းမှာ ပြည်တွင်းဈေးကျဆင်းနေတဲ့အတွက် တောင်သူတွေကို အကာအကွယ်ပေးဖို့ ကြက်သွန်နီတင်ပို့မှု ပိတ်ထားခြင်းကို ပြန်လည်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ယခင်နှစ်ဒီဇင်ဘာလအတွင်းမှာ ကြက်သွန်နီလက်လီဈေး တစ်ကီလို ရူပီး ၇၀-၈၀(ကန်ဒေါ်လာ ၁ ဒသမ ၃၃ -၁ ဒသမ ၅၂ )ထိ မြင့်တက်နေခြင်းကို ထိန်းချုပ်ဖို့အတွက် ကြက်သွန်နီ တင်ပို့မှု အနိမ့်ဆုံးဈေးကို တစ်တန်ကန်ဒေါ်လာ ၆၀၀ နဲ့ဈေးအမြင့်မှာ သတ်မှတ်ခဲ့ပါတယ်။                        အစိုးရဟာ တစ်ကီလို ၈၀-၈၅ ရူပီး (ကန်ဒေါ်လာ ၁ ဒသမ ၅၂ - ၁ ဒသမ ၆၂) ထိ မြင့်တက်ပြီးတဲ့နောက် အစိုးရဟာ ကြက်သွန်နီတင်ပို့မှုကိုပိတ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ အထိ ကြက်သွန်နီတင်ပို့မှုဟာ တန်ချိန် ၄ ဒသမ ၅၂ သိန်းသာရှိလို့ ယခင်နှစ်ကာလတူ တင်ပို့ခဲ့တဲ့တန်ချိန် ၆ ဒသမ ၈၃ သိန်းထက် ၃၄ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ အဓိကတင်ပို့မှုမှာ အနောက်အာရှ၊ စင်ကာပူနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဖြစ်ပါတယ်။ ယမင်းခင်၊Source: PTI

Tuesday, 29 Nov 2011

                    ချင်းသစ်တွေ အောင်ပန်းဈေးကွက်ကို အဝင်လှိုင်နေပေမယ့် ဟိုပုံး၊ နမ့်စန်မြို့ တွေမှာတော့ ချင်းအသစ်တွေ အဝင်မရှိသေးပါဘူး။ ချင်း(ဥမ)တွေကလည်း ကုန်သွားပြီလို့ သိရပါတယ်။ ဒီနှစ်ဟိုပုံးချင်းက အစိုက်လည်း နည်းတာကြောင့် အထွက် လည်းနည်းနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ၂၀၁၀ တုန်းက မိုးခေါင် ခဲ့တာ ကြောင့် ချင်းမျိုးတွေလည်း ပျက်သွားပါတယ်။ ဒီနှစ်က မိုးကောင်းပေမယ့် မျိုးမရှိလို့ အစိုက်နည်းခဲ့တာကြောင့် အထွက်ကလည်းမများနိုင်ပါဘူး။ ပြည်ပတင်ပို့မှု မရှိ ပေမယ့် ပြည်တွင်းသုံးအတွက်အဝယ်လိုက်တာကြောင့် အရောင်းအဝယ်ဖြစ်တဲ့ သီးနှံ ဖြစ်ပါတယ်။ ဟိုပုံးချင်းခြောက်ကတော့ ဝယ်လက်ကြိုက်တာကြောင့် ပစ္စည်းလက် ကျန်ပြတ်သွားပါပြီ။ ပေါ်စက တစ်ပိဿာ ၁၃၀၀ ကျပ်ဈေးနဲ့ ဖွင့်ခဲ့ပေမယ့် အဝယ် လိုက်တဲ့ ကာလတွေမှာ ၂၇၀၀ ကျပ်အထိ ဈေးရခဲ့ပြီး၊ အပိတ်ဈေးကတော့ ၂၃၀၀ ကျပ်ဈေးနဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် အောင်ပန်းဈေးကွက်ကိုတော့ ပင်းတယ ချင်းတွေပါ ဝင်လာတာ ကြောင့် အဝင်များလာပြီး၊ နေ့စဉ်ပိဿာချိန် သောင်းချီပြီး ဝင်နေပါတယ်။ ဈေး ကတော့ တစ်ပိဿာကို ၃၅၀ ကျပ် ၄၀၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၂၀၀၀ ကျပ် - ၂၁၀၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်းမှာ ပိဿာချိန် ၉၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ အောင်ပန်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင်

Tuesday, 29 Nov 2011

                 ချင်းစိုက်ပျိုးထွက်ရှိတဲ့ အောင်ပန်းနဲ့ တောင်ကြီးဒေသဈေးကွက်များမှာ ချင်း သစ်များ လှိုင်လှိုင်ထွက်ပေါ် ဝင်ရောက်နေပြီဖြစ်လို့ ယင်းဈေးကွက်များမှာ (ဂျွန်) ချင်းတစ်ပိဿာ ၅၅၀ ကျပ်ဈေးရှိနေပါတယ်။ ချင်းအထွက် လှိုင်ပြီး၊ ဝယ်ရင်းဈေးကျတဲ့အတွက် ပြည်ဈေးကွက်အတွင်းမှာလည်း ချင်းဈေးများ ယခင် တစ်ပိဿာ(ဂျွန်) ၈၀၀ ကျပ်မှ ယခု ၆၅၀ ကျပ် - ၇၀၀ ကျပ်၊ (ရှယ်) ၁၀၀၀ ကျပ်မှ ၈၅၀ ကျပ်ထိဈေးအေးသွားပါတယ်။ ဈေးနှုန်းမှာလည်း ချို၊ ပစ္စည်း အရည် အသွေးမှာလည်း ကောင်းနေတဲ့အတွက် အရောင်းအဝယ်မှာ စီးဝင်မှုပိဿာ ၃၀ ဝင် အိတ် ၅၅၀ ခန့်ကို ယခုတစ်ပတ်မှာလည်း လက်လီ၊ လက်ကားရောင်းဝယ် သူများ၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့ကို တင်ပို့မှုအပါအဝင် လက်ကျန် မရှိ ဆက်လက်အရောင်းအဝယ်သွက်နေကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ

Tuesday, 29 Nov 2011

                    ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ နိုဝင်ဘာ ၁၃ ရက်မှ ၁၉ ရက်နေ့တာ ကာလအတွင်း ချင်း ၁၂ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူ နိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ်အပို့ပျောက်ခဲ့တဲ့ ချင်းက ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့ခဲ့တာဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးက ကန်ဒေါ်လာ ၁၄၄၀ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ တစ်သောင်းခုနှစ်ထောင် ကျော်ရရှိခဲ့ပါတယ်။ MIRT(DOT)

Tuesday, 29 Nov 2011

                မုံရွာကုန်စည်ဒိုင် နိုဝင်ဘာစတုတ္ထပတ် ကုလားပဲဈေးကွက်အနေနဲ့ နထစသမအ ဝယ်လက်မရှိခဲ့ပေမဲ့ ဒေသတွင်းစက်သမားတွေနဲ့ လက်လီအသုံးသမားတွေ အဆွဲရှိ လို့ အရောင်းအဝယ်သွက်ခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ ပေါက်ဈေးအနေနဲ့ ကုလားပဲအမျိုးအစားအားလုံး ယခုတစ်ပတ်မှာ ကျဈေးဖြစ်ပေါ်ခဲ့ကာ V2 တစ်တင်း ၁၈၈၀၀ ကျပ်၊ 929 တစ်တင်း ၁၇၀၀၀ ကျပ်၊ ထိုင်ဝမ်တစ်တင်း ၁၇၃၀၀ ကျပ်နဲ့ ကုလားပဲ ရိုးရိုးတစ်တင်း ၁၅၈၀၀ ကျပ် အသီးသီးအနိမ့်ဆုံးဖြစ်ပေါ်ခဲ့ပါတယ်။ အဓိကဒေသဝယ်လက်ဖြစ်တဲ့ မုံရွာစက်မှုဇုန်မှ ပဲခွဲစက်၊ အမှုန့်ကြိတ်စက်နဲ့ ကြာဇံ စက်သမားတွေအနေနဲ့ ပဲဟောင်းလက်ကျန်လျော့ချိန်မှာ ပဲသစ်မပေါ်ခင် အထိ ကုန်ကြမ်းမပြတ်ရအောင် ပေါက်ဈေးကြိုက်ရင် အဝယ်ပိုလိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ လာမယ့်နှစ် ကုလားပဲသစ်ပေါ်ဖို့က တောင်သူအများစု စိုက်ချိန်နောက်ကျ ခဲ့သလို ပဲသစ်ပေါ်ချိန်လည်း နောက်ကျဖွယ်ရှိတဲ့အတွက် လက်ကျန်ရှိတဲ့ ကုန်သည် အချို့ကတော့ ပဲအရောင်းကိုဈေးနဲ့ထိန်းရောင်းနေကြတယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်

Pages