Main menu

Background

မြန်မာ့သစ်သီးဝလံများ ဈေးကွက်ခိုင်မာရေးနှင့် ရေရှည်တင်ပို့နိုင်ရေး

Wed, 12/18/2019 - 11:04 -- journal_editor

      မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို  အခြေခံထားသည့် နိုင်ငံဖြစ် သလို    မြန်မာ့လယ်ယာထွက်ကုန်များကိုလည်း   ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိနေသည်။ မြန်မာ့လယ်ယာထွက်ကုန်များကို ကြည့်မည် ဆိုလျှင် မြန်မာနိုင်ငံသည် စပါးကို   အဓိကစားသုံးသီးနှံအဖြစ် စိုက် ပျိုးပြီး ပြောင်း၊ ဆီထွက်သီးနှံအဖြစ်   မြေပဲနှင့် နှမ်း၊ ပဲမျိုးစုံ ဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲလွမ်းနှင့် ဗိုလ်ကိတ်ပဲ၊ သစ်သီးဝလံများ အဖြစ် သရက်သီး၊ ဖရဲသီး၊ သခွားမွှေး၊ ကုလားဆီးသီး၊ လိုက်ချီးသီး၊ မင်းကွတ်သီး၊ ကြက်မောက်သီး၊ ထောပတ်သီးနှင့် ကျွဲကောသီး၊ ဟင်း ခတ်အမွှေးအကြိုင်များအဖြစ် ချင်း၊ နနွင်း၊ ငရုတ်ကောင်း၊ မန်ကျည်း သီးတို့အပြင် တခြားဟင်းသီးဟင်းရွက်မျိုးစုံကိုလည်း စိုက်ပျိုး ထုတ် လုပ်တင်ပို့လျက်ရှိနေသည်။ မြန်မာနိုင်ငံအနေဖြင့် အဆိုပါ လယ်ယာထွက်ကုန် သီးနှံများကို ပြည်တွင်း၌ စားသုံးရန်အတွက် သာမကဘဲ ပြည်ပနိုင်ငံများသို့ တင်ပို့ ပြီး နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနေသည်။ မြန်မာ့ လယ်ယာထွက်ကုန် များကို တရုတ်နိုင်ငံ အပါအဝင် စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ သီရိလင်္ကာ စသည့် နိုင်ငံများသို့ တင်ပို့လျက်ရှိသည်။   ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် လယ်ယာထွက် ကုန်ပစ္စည်းများကို အာဖရိကနိုင်ငံများနှင့် ဥရောပနိုင်ငံများသို့လည်း တရားဝင်တင်ပို့လျက်ရှိသည်။ တရုတ်နိုင်ငံ ကုန်ပစ္စည်းအရည်အသွေးကြီးကြပ်ရေး၊ စစ်ဆေး ရေးနှင့် ပိုးမွှားကင်းစင်မှု အုပ်ချုပ်မှု အာဏာပိုင်အဖွဲ့က မြန်မာနိုင်ငံ အနေဖြင့် မင်းကွတ်သီး၊ တောကြက်မောက်သီး၊ ကြက်မောက်သီးနှင့် လိုက်ချီးသီးတို့ကို ပင်လယ်ရေကြောင်းအပြင် နယ်စပ်မှလည်းကောင်း နှစ်မျိုးစလုံးဖြင့် တင်ပို့နိုင်ပြီး သရက်သီး၊ ဖရဲသီး၊ သခွားမွှေးနှင့်ကုလား ဆီးသီးတို့ကို  နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သည့် မူဆယ်-ရွှေလီလမ်းကြောင်းနှင့်   မိုင်းလား-တာလော့လမ်းကြောင်း တို့မှ တရားဝင်တင်ပို့နိုင်ကြောင်းကို    ၂၀၁၇ ခုနှစ် အောက်တိုဘာလ က ထုတ်ပြန်ထားပြီးဖြစ်သည်ဟု သိရသည်။ လက်ရှိအချိန်တွင် မြန်မာ့လယ်ယာထွက်ကုန်များထဲမှ  ထွက် ကုန်တချို့ဖြစ်သည့် သစ်သီးရှစ်မျိုးကို တရုတ်နိုင်ငံသို့ နယ်စပ်လမ်း ကြောင်းအသစ်များ ထပ်မံတိုးချဲ့ပြီး   တရားဝင်တင်ပို့ခွင့်ရရှိပြီဖြစ် ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက် ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) အတွင်းရေးမှူး ဦးကျော်သူက နိုဝင်ဘာ ၃၀ ရက်တွင် ပြောဆိုထားသည်။ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့် ရရှိထားသည့် အဆိုပါ သစ်သီးရှစ်မျိုးမှာ သရက်သီး၊ ဖရဲသီး၊ သခွားမွှေး၊ ကုလားဆီးသီး၊ လိုက်ချီးသီး၊ မင်းကွတ်သီး၊ ကြက်မောက်သီးနှင့် တောကြက်မောက်သီး စသည်တို့ ဖြစ်ကြောင်း သိရသည်။

      အဆိုပါသီးနှံများကို ယခင်က ကချင်ပြည်နယ်ဘက် ကန်ပိုက် တီနှင့် လွယ်ဂျယ်ပေါက်များမှ တင်ပို့၍ မရခြင်းကြောင့် မူဆယ်ဘက် သို့ ပြန်လာပြီးတင်ပို့ခဲ့ရသည်။ သို့သော် လက်ရှိအချိန်တွင်  ယင်း ပြဿနာမှာ အတော်အသင့် ပြေလည်သွားကာ နယ်စပ်ဂိတ်ပေါက် တိုင်း နီးပါးမှ  တင်ပို့၍ရနေပြီဖြစ်ခြင်းကြောင့်   ကုန်ကျစရိတ်များမှာ သက်သာသွားမည်လည်း ဖြစ်သည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရားဝင်  တင်ပို့ခွင့်ရရှိထား သည့်   သစ်သီးရှစ်မျိုးအနက်   သရက်သီး၊ ဖရဲသီး၊ သခွားမွှေးနှင့် ကုလားဆီးသီးစသည့် သစ်သီးလေးမျိုးအား မူဆယ်-ရွှေလီ၊မိုင်းလား- တာလော့ ဂိတ်နှစ်ခုမှသာ တင်သွင်းရန် ကန့်သတ်ခဲ့ရာမှ တရုတ်နိုင်ငံ အကောက်ခွန်  အထွေထွေအုပ်ချုပ်မှု   အာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC) အနေဖြင့်  ယင်း ကန့်သတ်ချက်ကို ၂၀၁၉ ခုနှစ်    အောက်တိုဘာ ၁၆ ရက်မှ  စတင်၍ ဖယ်ရှားပေးပြီးဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် အထက်ပါသီးနှံ ရှစ်မျိုးကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့်ရရှိထားပြီးဖြစ်ရာ    ကျန်မြန်မာ့လယ်ယာထွက် ကုန်များဖြစ်သည့် ငှက်ပျောသီး၊ ပီလောပီနံ၊ ထောပတ်သီးနှင့် ကျွဲ ကောသီးတို့ကိုလည်း တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့်   ရရှိရန် အတွက် အဆိုပါ GACC ဌာနသို့ တင်ပြထားပြီးဖြစ်ကြောင်း မြန်မာ နိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်  စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) အတွင်းရေးမှူး ဦးကျော်သူက ပြောဆိုထားသည်။ ဝန်ကြီးဌာန  အဖွဲ့အစည်းများအားလုံး   GACC ကို ဝိုင်းပြီး တောင်းဆိုထားကြောင်း၊ တောင်းဆိုရာမှာ သီးနှံအမယ်ဟောင်းများကို ဂိတ်ပေါက်အားလုံးက တင်သွင်းခွင့်ပြုရန်နှင့်   သီးနှံအမယ်သစ်များ ထပ်မံခွင့်ပြုပေးရန် တောင်းဆိုထားကြကြောင်း၊ ငှက်ပျောသီး၊ပီလော ပီနံ၊ ထောပတ်သီးနှင့် ကျွဲကောသီးတို့ကို ထပ်တင်ထားကြောင်း၊  ငှက် ပျောကိုမူ   လာရောက်စစ်ဆေးပြီးသွားပြီဖြစ်ကြောင်းနှင့် မကြာမီ အချိန်ကာလအတွင်း၌ပင် တရားဝင် ခွင့်ပြုပေးနိုင်မည်ကို မျှော်လင့် ပါကြောင်း ဦးကျော်သူက ဆက်လက်ပြောဆိုထားသည်။ မြန်မာ့လယ်ယာထွက်ကုန်များကို တရုတ်၊ စင်ကာပူ၊ မလေး ရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊  သီရိလင်္ကာ စသည့် နိုင်ငံများသို့ အဓိက တင်ပို့လျက်ရှိနေသော်လည်း ဈေးကွက် တည်ငြိမ်မှု မရှိသလို ဝယ်ယူသည့် ပမာဏကလည်း   အမြဲတစေ အပြောင်းအလဲများ ရှိနေသည်။ သေချာရေရာမှုမရှိသည့် ဈေးကွက် များကို သေချာရေရာစေရေးနှင့်   ဈေးကွက်ခိုင်မာမှုရရှိရေးတို့ကို အားလုံးဝိုင်းဝန်းကာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ဆန်စပါး အပါအဝင် မြန်မာ့လယ်ယာထွက်ကုန်များကို ပြည်ပ နိုင်ငံများက   ဝယ်လိုက်၊ မဝယ်လိုက် ဖြစ်နေသလို  အရေအတွက် ကလည်း အလျှော့အတင်းရှိနေခြင်းကြောင့် နိုင်ငံခြား ပို့ကုန်လုပ်ငန်း စဉ်များကို ထိခိုက်လျက်ရှိနေသည်။ မြန်မာ့လယ်ယာထွက်ကုန်သီးနှံများတွင် ဖရဲသီးကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က တန်ချိန် ရှစ်သိန်းကျော် တင်ပို့နိုင်ခဲ့ကြောင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တန်ချိန် တစ်သိန်းကျော်အထိ တင်ပို့ နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ သခွားမွှေးကိုမူ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က    တန်ချိန် တစ်သိန်းခွဲကျော် တင်ပို့နိုင်ခဲ့ကြောင်း နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တန်ချိန် သုံးသိန်းခန့်အထိ တင်ပို့ နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ အလားတူ   ထောပတ်သီးကိုမူ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က တန်ချိန် တစ်သောင်းခွဲခန့်   တင်ပို့နိုင်ခဲ့ကြောင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တန်ချိန် ငါးသောင်းခန့်အထိ တင်ပို့နိုင်ရန် မျှော်မှန်း ထားကြောင်း သိရပါသည်။ ယင်းအပြင် နှစ်စဉ်နှစ်တိုင်း   ပြည်ပသို့ တင်ပို့လျက်ရှိနေသည့် စိန်တလုံးသရက်ကိုမူ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်က တန်ချိန် ငါးသောင်းကျော် တင်ပို့နိုင်ခဲ့ကြောင်းနှင့်   ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တန်ချိန် တစ်သိန်းကျော်အထိ တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

     လက်ရှိအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့်  စိုက်ပျိုးရေးဦးစီးဌာနတို့၏ အကူအညီဖြင့်  မြန်မာ နိုင်ငံမှ ထွက်ရှိသော သီးနှံများကို တရုတ်နိုင်ငံသို့ လေကြောင်းမှ တစ်ဆင့် တင်ပို့နိုင်ရန် စီစဉ်လျက်ရှိကြောင်းလည်း သိရသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံများသို့ တင်ပို့ခွင့်ရရှိနေသည့် မြန်မာ့လယ်ယာထွက်ကုန် သီးနှံများကို   ဈေးကွက်ခိုင်မာရေးနှင့်  ပိုမိုတိုးတက်တင်ပို့နိုင်ရေး ကြိုးပမ်းနေသလို မြန်မာ့လယ်ယာထွက်ကုန် အမယ်သစ်များကိုလည်း ထပ်မံတိုးချဲ့တင်ပို့ခွင့်ရရှိရေးအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင် ရွက်ရှိနေသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် နိုင်ငံတကာရှိ မြန်မာသံရုံးများတွင် စီးပွားရေးသံမှူး များထားရှိပြီး စီမံကိန်းများချမှတ် ဆောင်ရွက်လျက်ရှိနေသည်။ ယင်း သို့ဆောင်ရွက်မှုမှာ နိုင်ငံစီးပွားရေးအတွက် မည်မျှအထိ အကျိုး သက်ရောက်မှုရှိ၊ မရှိကိုမူ မျက်ခြည်မပြတ် စောင့်ကြည့်ကာ သုံးသပ် နေရန်လည်း လိုအပ်မည်ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ    လက်ရှိအချိန်တွင် တရုတ်နိုင်ငံသို့ မြန်မာ့ လယ်ယာ ထွက်ကုန်များထဲမှ သီးနှံ ရှစ်မျိုးကို တရားဝင် တင်ပို့ခွင့်ရရှိ ခဲ့ခြင်းမှာ ဝမ်းသာစရာ ဖြစ်ပါသည်။ အဆိုပါ ရရှိထားသည့် ဈေးကွက်၊ ရရှိထားသည့် အခွင့်အရေးများ ရေရှည်တည်တံ့ရေးအတွက်ကိုမူ မိမိတို့ဘက်က    အရည်အသွေးပြည့်မီသည့်   ထုတ်ကုန်များကိုသာ တင်ပို့ရန် အရေးကြီးပါသည်။  ထို့ပြင် တရားဝင် လွတ်လပ်စွာ တင်ပို့ ခွင့်ရရှိနေချိန်တွင် သီးနှံများကိုလည်း ပိုမိုတိုးတက်ထုတ်လုပ်ရမည် ဖြစ်ပါသည်။    ထို့ကြောင့် မြန်မာ့သစ်သီးဝလံများ တရုတ်နိုင်ငံတွင် ဈေးကွက်ခိုင်မာစွာ  ရရှိရေးနှင့်   ရေရှည်တင်ပို့နိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းကြရမည်ဖြစ်သလို ကမ္ဘာတစ်လွှားသို့ မြန်မာ့ လယ်ယာထွက်ကုန်များ ကျယ်ကျယ်ပြန့်ပြန့်နှင့် ယခုထက် ပိုမိုတင်ပို့ နိုင်ရေး အတွက်ကိုလည်းအားလုံး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြပါ စို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။

 

စိန်သံ