Main menu

Background

အရှေ့မြောက်တံခါး၏ ကုန်သွယ်ရေးအခြေအနေနှင့် အလားအလာ

Tue, 12/24/2019 - 12:43 -- journal_editor

     မြန်မာနိုင်ငံ၏ အရှေ့မြောက်ဘက်တံခါးပေါက်သည် တရုတ် နိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီ-ကျယ်ဂေါင်မြို့နှင့်  ကုန်သွယ်မှုပြုနေ သော မူဆယ်မြို့ဖြစ်သည်ဟု  ဆိုချင်ပါသည်။ မြန်မာနိုင်ငံ၏ အရှေ့ မြောက်တံခါးဖြစ်သော မူဆယ်မြို့သည် ယူနန်ပြည်နယ်နှင့်အကောင်း ဆုံး၊ အများဆုံးကုန်သွယ်မှုပြုနေသော  မြို့နယ်ဖြစ်သည်ဆိုလျှင် မှားမည်မထင်ပါ။ မူဆယ်မြို့သည် မြန်မာနိုင်ငံ၏ အရှေ့မြောက်ဘက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ရှိသော ခရိုင်မြို့တစ်ခုဖြစ်ပါ သည်။ မန္တလေးမြို့မှ၂၇၀မိုင်(၄၅၂ ကီလိုမီတာ) ခန့်ကွာဝေးပြီး အလှမ်းမဝေးသော ဒေသတစ်ခုသဖွယ်ဖြစ်နေကာ ၁၉၈၈ ခုနှစ်ခန့်မှစတင်ပြီး ယူနန်ပြည်နယ်နှင့် တရားဝင်နယ်စပ်ကုန်သွယ်မှုကို ဆောင်ရွက်ခဲ့သော မြို့လည်းဖြစ်ပါ သည်။ မြန်မာပြည်မြေပုံကိုကြည့်လျှင် အရှေ့ဘက်ခြမ်းမှ မျက်နှာပုံသဏ္ဌာန်၏ မေးစေ့အောက်ချိုင့်တွင် တည်ရှိနေသည်ကို တွေ့နိုင်ပါသည်။ အဆိုပါ မူဆယ်မြို့သည် မြန်မာနိုင်ငံတွင်ရှိသော နယ်စပ်ကုန်သွယ်မှုစခန်းများတွင် ကုန် သွယ် မှုပမာဏ အများဆုံးဖြစ်ပါသည်။  မူဆယ်မြို့နှင့် ထိစပ်နေသော တရုတ်နိုင်ငံ၏ မြို့မှာ ယူနန်ပြည်နယ်  ရွှေလီမြို့ဖြစ်ပါသည်။ သို့ဖြစ်၍ မူဆယ်မှ တစ်ဆင့် မြန်မာနိုင်ငံမှ  ကုန်သွယ်မှုပြုနေသော တရုတ်နိုင်ငံ၏ပြည် နယ်မှာ ယူနန်ပြည်နယ်ဖြစ်သည်ကို   တွေ့နိုင်ပါသည်။   သို့ဖြစ်၍ မြန်မာ့ကုန်သွယ်ရေးတွင် မူဆယ်မြို့ကို မြန်မာနိုင်ငံ၏ အရှေ့မြောက် တံခါးအဖြစ် သတ်မှတ်မည်ဆိုပါက   မှားမည်မထင်ဟုဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။

အရှေ့နှင့် အရှေ့မြောက်ဘက်ထိစပ်မှု
     မြန်မာနိုင်ငံ၏ အရှေ့နှင့်အရှေ့မြောက်ဘက်တွင်   ထိစပ်နေ သော အိမ်နီးချင်းနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပါသည်။ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည်ကီလိုမီတာပေါင်း ၂၂၀၄(မိုင်အားဖြင့် ၁၃၇၀မိုင်)ထိစပ်လျက်ရှိပါသည်။အဆိုပါ ထိစပ်နေသောအပိုင်းတွင် မြန်မာ နိုင်ငံဘက်၌ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်   မြောက်ပိုင်းတို့ပါဝင် နေသည်ကိုတွေ့နိုင်ပါသည်။ အဆိုပါဒေသများတွင်   မူဆယ်မှာ နယ်စပ်ကုန်သွယ်မှု အခန်းတွင်အဓိကကျပြီး ကုန်သွယ်မှုပမာဏမှာ လည်း အများဆုံးဖြစ်ပါသည်။ ထို့ပြင် ရှမ်းပြည်နယ် မြောက်ပိုင် တွင် ပြောင်း၊ ဖရဲသခွား၊ လိမ္မော်သီး စသောသီးနှံများ  ထွက်ရှိသည့်အပြင် ကြံနှင့်  စပါးစိုက်ပျိုးသောဒေသများလည်း ရှိကြပါသည်။  ကချင် ပြည်နယ်တွင် တစ်သျှူးငှက်ပျောသီးကို အများအပြား စိုက်ပျိုးလာ သည်ကိုတွေ့မြင်နေရပါသည်။  တရုတ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ် နေသော နယ်စပ်မျဉ်းပေါ်တွင် ကန်ပိုက်တီ၊ လွယ်ဂျယ်၊ မူဆယ်နှင့်  ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းများရှိပါသည်။ မူဆယ်ကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုပမာဏမှာ  ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်တွင် ပို့ကုန်ပိုင်း၌  အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၅၃ ဘီလီယံရှိရာမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၁၃၇ ဘီလီယံသို့ အနည်းငယ်လျော့နည်းသွားသည်ကိုတွေ့ရသည်။ သွင်း ကုန်ပိုင်းတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၆၅၆ ဘီလီယံ ရှိရာမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၇၆၁   ဘီလီယံသို့ အနည်းငယ်တိုးတက်လာပါသည်။   စုစုပေါင်းကုန်သွယ်မှုပမာဏ တွင် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၄၁၀ ဘီလီယံရှိရာမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၄ ဒသမ ၈၉၈ ဘီလီယံသို့ အနည်းငယ် လျော့ကျခဲ့ပါသည်။ လျော့နည်းရသည့် အဓိကအကြောင်းမှာ ဆန် နှင့်ပြောင်းတို့ မူဆယ်နယ်စပ်မှတစ်ဆင့်ရောင်းချနိုင်မှုမရှိခဲ့သဖြင့် လျော့နည်းခဲ့ခြင်း ဖြစ်ပါသည်။ ထို့ပြင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပိတ်ချိန်နီးသည့်ကာလတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခု မှ လမ်းတံတားများကို ဖျက်ဆီးတိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းသည် လည်း ကုန်သွယ်မှုလျော့နည်းခဲ့ခြင်း၏ အကြောင်းတစ်ခုဖြစ်ပါသည်။  တရုတ်နိုင်ငံနှင့်  ကုန်သွယ်မှုပြုလုပ်သည့် ကုန်သွယ်ရေးစခန်းလေးခု တွင် မူဆယ်ပြီးလျှင် အများဆုံးအားထားရသည်မှာ ချင်းရွှေဟော် စခန်းဖြစ်ပါသည်။ ချင်းရွှေဟော်သို့သွားသည့် လမ်းပန်းဆက်သွယ် ရေးသည် ယခုထက်ပိုမိုကောင်းမွန်ပါက ကုန်သွယ်မှုပမာဏမှာလည်း ပိုမိုတိုးတက်လာမည်မှာ သေချာသည့်အခြေအနေရှိပါသည်။ 

တရုတ်နိုင်ငံဘက်က  အခြေအနေ
     မြန်မာနိုင်ငံ၏ အရှေ့မြောက်ဘက်နှင့်ထိစပ်နေသော တရုတ် နိုင်ငံဘက်မှာ ယူနန်ပြည်နယ်ဖြစ်ပါသည်။   ယူနန်ပြည်နယ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပြည်နယ်ပေါင်း ၂၃ ခုမှ တစ်ခုဖြစ်ပါ သည်။ တရုတ်နိုင်ငံ၏ အနောက် တောင်ဘက်တွင်ရှိသည့်  ဧရိယာ အားဖြင့် စတုရန်းကီလိုမီတာ ၄၂၀၄၆၅ ( မြန်မာနိုင်ငံမှာ စတုရန်း ကီလိုမီတာ ၆၇၈၅၀ဝရှိပါသည်) ရှိပြီး လူဦးရေအားဖြင့် ၂၀၁၀စာရင်း အရ ၄၅ ဒသမ ၉၇ သန်းရှိပါသည်။ ယူနန်ပြည်နယ်သည်  အနောက် တောင်ဘက်တွင်မြန်မာနိုင်ငံနှင့် ထိစပ်နေပြီး  ဂွမ်ရှီးပြည်နယ်၊ ဇီချွမ် ပြည်နယ်နှင့် တိဘက်ဒေသတို့နှင့်လည်း ထိစပ်နေပါသည်။  လာအို၊ ဗီယက်နမ်နိုင်ငံတို့နှင့်လည်း ထိစပ်လျက်ရှိပါသည်။ ယူနန်ပြည်နယ်၏ မြို့တော်သည် ကူမင်းမြို့ဖြစ်ပါသည်။ ရွှေလီမြို့မှာ မူဆယ်နှင့်အနီးဆုံး နယ်စပ်မြို့ဖြစ်ပါသည်။   ယူနန်ပြည်နယ်၏ စီးပွားရေးလုပ်ငန်းတွင် ဆေးရွက်ကြီး၊ လယ်ယာစိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေးနှင့်   ခရီးသွား လုပ်ငန်းများသည် အဓိကဖြစ်ကြောင်းတွေ့ရပါသည်။   ယူနန်ပြည် နယ်သည် တရုတ်နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ဆဲအဆင့်တွင်သာရှိပြီး ပြည်နယ်အတွင်းတွင် ဆင်းရဲနွမ်းပါးမှု မျဉ်း၏အောက်တွင်   လူဦးရေ ခုနစ်သန်းခန့်ရှိသည်ဟု ၂၀၁၀ ခုနှစ်စာရင်းများအရ သိရပါသည်။ သို့ရာတွင် ယူနန်ပြည်နယ်၏ ဂျီဒီပီ မှာ ၂၀၁၀ တွင် ယွမ်မင်ဘီ ပေါင်း ၇၂၂ ဒသမ ၁ ဘီလီယံ ရှိကြောင်းသိရပါသည်။ ယခု ၂၀၁၉ ခုနှစ်တွင် အဆိုပါအခြေအနေထက်များစွာ တိုးတက်လျက်ရှိသည်ကို တွေ့ရ ပါသည်။ 

အရှေ့မြောက်တံခါး၏ ကုန်သွယ်မှုအလားအလာ
      မြန်မာနိုင်ငံ၏ အရှေ့မြောက်တံခါးပေါက်ဖြစ်သော  မူဆယ်မြို့ သည် တရုတ်နိုင်ငံ ရွှေလီ-ကျယ်ဂေါင်မြို့နှင့် ခြံစည်းရိုးသာခြားလျက် ရှိပြီး နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နှင့် မန်ဝိန်းဂိတ်များမှ လူနှင့် ကုန်များ အဝင်အထွက် အများအပြားနေ့စဉ်ရှိနေသည်ကို   တွေ့ရပါသည်။ ထို့ပြင် မြန်မာနိုင်ငံဘက်က အဆင်သင့်မရှိသေးသော်လည်း လက်တွေ့တွင် ဖရဲသခွား ပို့ကုန်ကားများ အများဆုံး တင်ပို့နေသော ဂိတ် မှာ ကျိန်စမ်းကြော့ဂိတ်ဖြစ်ပါသည်။ မြန်မာနိုင်ငံဘက်မှ မင်္ဂလာမူဆယ် အနီးတွင် ဂိတ်တစ်ခုဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိပြီးဆွေးနွေးဆဲဖြစ် ကြောင်းသိရသည်။ ယခင်က ဆန်နှင့်ပြောင်းများ တင်ပို့စဉ်က မူဆယ်မြို့သည် ကုန်ကားများဖြင့် အချိန်ပြည့်ယာဉ်ကြောကျပ်လျက်ရှိ သည်။ ယခုအခါတွင် မူဆယ် မြို့တွင် တင်ပို့ကုန်နည်းပါးသဖြင့် ယာဉ် ကြောကျပ်မှုလည်း အနည်းငယ်လျော့ကျသည်ကို တွေ့ရပါသည်။ မည်သို့ပင်ဆိုစေကာမူ၊ မူဆယ်မြို့နှင့် ရွှေလီတို့၏ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုသည် အရှိန်အဟုန်ဖြင့်တိုးတက်မည့် အလားအလာများ အများအပြားရှိနေသဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးနှင့် မူဆယ်မြို့တွင်းယာဉ်ကြောမကျပ်ရေးသည်လည်း အရေးပါသော ဖြေရှင်းရမည့်ကိစ္စတစ်ရပ် ဖြစ်ပါသည်။  မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ဆန်၊ဆန်ကွဲနှင့်ပြောင်း တို့ကို  ကိုတာစနစ်အတွင်းမှ  တင်ပို့နိုင်ရေးဆွေးနွေးပြီးလျှင် ကုန် သွယ်မှုသည် ပြန်လည်တိုးတက်လာမည်မှာ သေချာလျက်ရှိပါသည်။ ထို့အပြင် အသားစားနွား၊ ငါး၊ ပုစွန်၊ ခရု စသည့်ရေထွက်ကုန်များတင်ပို့မှု ဖရဲ သခွားမွှေး  တင်ပို့မှုများသည်လည်း စဉ်ဆက်မပြတ်တိုးတက်လျက် ရှိသည်။  မူဆယ်မြို့ကို ဖြတ်သန်းပြီး မြန်မာနိုင်ငံမှ ပို့ကုန်များသည် တရုတ်နိုင်ငံသို့  ရောက်ရှိမှုတိုးတက်လာမည်ဖြစ်သကဲ့သို့ ယူနန် ပြည်နယ်မှ လျှပ်စစ်ပစ္စည်းများ၊ အဝတ်အထည်များ၊ လူသုံးကုန်များ၊ မြေသြဇာများ၊ လယ်ယာသုံးစက်ကိရိယာများ၊  ဆိုင်ကယ်နှင့် အပို ပစ္စည်းများ စသည်တို့သည်လည်း မြန်မာနိုင်ငံသို့ တိုးတက်ရောက်ရှိ လာသော ကုန်စည်များ ဖြစ်ကြပါသည်။ ထို့ပြင်ယခုအခါ နယ်စပ်မှ တရုတ်နိုင်ငံသားများသည်လည်း ပြည်ပခရီးသွားများ အဖြစ် မြန်မာ နိုင်ငံသို့ အများအပြား ဝင်ရောက်လျက်ရှိပါသည်။ အလားတူပင် မြန်မာနိုင်ငံမှ အလုပ်သမားများသည်လည်း တရုတ်နိုင်ငံ ယူနန်ပြည် နယ်အတွင်းသို့  နေစဉ်ဝင်ရောက် အလုပ်လုပ်ကိုင်လျက်ရှိသည်ကို တွေ့ရှိနေရသည်။    မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုအထူး စီးပွားရေးဇုန်ကိုလည်း နှစ်နိုင်ငံ တည် ထောင်သွားရန် စတင်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံဘက်တွင်   မူဆယ်၌ စတင်ဆောင်ရွက်မည်ဖြစ်သဖြင့်  အရှေ့မြောက်တံခါးပေါက်သည် ကုန်သွယ်မှုများ တိုးတက်လာမည်မှာ သေချာလျက်ရှိပါသည်။ 

ငြိမ်းချမ်းပါစေ
     မူဆယ်မြို့တစ်ဝိုက်တွင် ရောင်းဝယ်မှုများသည် ပုံမှန်အတိုင်း ဖြစ်လျက်ရှိ သည်။ သို့ရာတွင်  အနီးတစ်ဝိုက်ဒေသများတွင် တိုင်းရင်းသား  လက်နက်ကိုင်အဖွဲ့ များဖြင့်  တပ်မတော်တို့ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းများနှင့်  လမ်းပန်း ဆက်သွယ်ရေးတွင် အခိုက်အတန့် ရပ်တန့်သည်များ မကြာခဏဖြစ်ပွားခဲ့သဖြင့် ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် မူဆယ်ကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှု ပမာဏသည် အနည်းငယ်လျော့ကျခဲ့ရသည်။ ဒေသခံများနှင့် ကုန်သည် များ အားလုံးအနေဖြင့် ကုန်သွယ်မှုများကို လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်စေရေးကို အထူးလိုလားကြသည်ကို တွေ့မြင်နေရသည်။ မန္တလေးနှင့်မူဆယ်မြို့တို့ကို ဆက်သွယ်ထားသော  ကားလမ်းမကြီးတွင် ကုန်စည်များ  အေးချမ်း လုံခြုံစွာ  သွားလာနိုင်ပါက ကုန်သွယ်မှု ပမာဏသည် သေချာတိုးတက်လာမည်ဖြစ်သကဲ့သို့ ပြည်ပခရီးသွားလုပ်ငန်းများ လည်း   သေချာတိုးတက်လာမည်ဖြစ်သည်။ ထို့ပြင် အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ခြင်း၊ စိုက်ပျိုးရေးနှင့် ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ခြင်းတို့လည်း ကျွဲကူးရေပါဆိုသကဲ့သို့ တစ်ပါတည်း အဆင်ပြေလာမည်ဖြစ်ပါသည်။ ဒေသငြိမ်း ချမ်းမှုရှိရေးသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် တိုက်ရိုက်အချိုးကျလျက်ရှိသဖြင့် ဒေသတည်ငြိမ်အေးချမ်းသာယာရေးသည်လည်း မဖြစ်မနေလိုအပ်သော အခြေခံ အချက်တစ်ခုဖြစ်သည်။ 

တောက်ပသော အနာဂတ်နှင့် မူဆယ် 
      မြန်မာနိုင်ငံ၏ အရှေ့မြောက်တံခါးဖြစ်သော မူဆယ်မြို့မှ ယူနန်ပြည်နယ်သို့   ကုန်သွယ်မှုပမာဏတိုးတက်လာသည်နှင့်အမျှ  ဒေသတွင်းစီးပွားရေး၊ တည်ငြိမ်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း တိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ပါးရေး  စသည့် ကိစ္စအားလုံးသည်လည်း တစ်ပါတည်းတိုးတက်လာမည်မှာ  မလွဲဧကန်ဖြစ်ပါသည်။  လက်ရှိတွင်  လမ်းများမှာ အထူးကောင်းမွန်လာပြီး ဂုတ်တွင်းတွင် ယခုထက်ပိုမို ကောင်းမွန်သော အခြေအနေဖြစ်လာပါက မော်တော်ကားလမ်းအခြေအနေမှာ အထူးကောင်းမွန်မည်ဖြစ်ပါသည်။ မီးရထားလမ်းသာ မူဆယ်နှင့် မန္တလေးဆက်သွယ်နိုင်မည်ဆိုပါက  ကုန်စည်ပို့ ဆောင်ရေးတွင် ယခုထက်ပိုမိုကောင်းမွန်သော ကုန်သွယ်မှုဖြစ်ထွန်းလာပါမည်။  ချင်းရွှေဟော်တွင် လမ်းပန်းဆက်သွယ်မှု  ပိုမိုကောင်းမွန်လာမည်ဆိုပါကလည်း ကုန်သွယ်မှုပမာဏသည် သန်းရာ ဂဏန်းမှ ထောင်ဂဏန်းသို့ရောက်ရှိလာမည်ဖြစ် ပါသည်။ ထို့ပြင်  နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု အထူးစီးပွားရေးဇုန် ထူထောင်ပြီးစီး ပါက  မူဆယ်နှင့်အနီးတစ်ဝိုက်တွင်   အထူးဖွံ့ဖြိုး တိုးတက်လာပြီး တောက်ပသော အနာဂတ်ကိုရရှိနိုင်မည်မှာမလွဲ ဧကန်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

 

မျိုးသူ (ကုန်သွယ်မြှင့်)