Main menu

Background

ပြည်တွင်းရွှေဈေး အတက်/အကျ ကမ္ဘာ့ရွှေဈေးနှင့်ဆက်စပ်မှုမရှိဟု ဗဟိုဘဏ်ပြော

Tue, 03/28/2023 - 13:15 -- journal_editor

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ရွှေကို တင်သွင်းရောင်းချခြင်း၊ တင်ပို့ရောင်းချခြင်းများ မရှိသည့်အတွက် ပြည်တွင်းရွှေ ဈေးအတက်/အကျ ပြောင်းလဲမှုဖြစ်ပေါ်ခြင်းမှာ ကမ္ဘာ့ရွှေဈေးနှင့် ဆက်စပ်မှုမရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားသည်။
လက်ရှိအခြေအနေတွင် ကိုယ်ကျိုးအတ္တကြောင့် ဈေးကစားလိုသူများအနေဖြင့် ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှုကို အကြောင်းပြပြီး ရည်ရွယ်ချက်ရှိရှိဖြင့် လူမှုကွန်ရက်၊အွန်လိုင်း နှင့် ကောလာဟလသတင်းများကို အသုံးပြု၍ ဈေးနှုန်းမြှင့် တင်ရန် ကြိုးစားလာကြကြောင်း သိရသည်။
မြန်မာ့ရွှေဈေးကွက်သည်   ကမ္ဘာ့ရွှေဈေးကွက်တွင် အရောင်းအဝယ်ပြုလုပ်သလို စံသတ်မှတ်ထားသည့် အလေး ချိန်တွက်ချက်မှု၊ ရွှေသန့်စင်မှု အရည်အသွေးများကို စနစ် တကျ တွက်ချက်ထားမှုမရှိကြောင်း သိရသည်။
ပြည်တွင်းရွှေဈေးနှုန်းကို မိရိုးဖလာ တွက်ချက်နည်း များ၊ အိမ်နီးချင်းနိုင်ငံ၏ နေ့စဉ်ဈေးနှုန်းများ၊ ကမ္ဘာ့ရွှေဈေး၊ အမေရိကန်ဒေါ်လာဈေး၊ ထိုင်းဘတ်ဈေး၊ တရုတ်ယွမ်ဈေး၊ အွန်လိုင်းတွင် ဖြစ်ပေါ်နေသည့်ဈေးများနှင့် အမျိုးမျိုးသတ် မှတ်နေကြသည်ကို တွေ့ရှိရကြောင်း ဗဟိုဘဏ်က ဖော်ပြ ထားသည်။
ထို့အတူ ရန်ကုန်နှင့်  မန္တလေး ရွှေလုပ်ငန်းရှင်အသင်း များကလည်း ကမ္ဘာ့ရွှေဈေးနှင့် မြန်မာ့ရွှေဈေး ချိတ်ဆက်မှုမရှိ သည့်အပြင်  မြန်မာနိုင်ငံ၏ ငွေဈေးကို ကြည့်ပါကလည်း ပြောင်းလဲမှုမရှိကြောင်း  ပြောကြားထားပြီး အွန်လိုင်းတွင် လက်ရှိဖြစ်ပေါ်နေသည့် ဈေးနှုန်းများမှာလည်း တရားမဝင် ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။
YGEA အနေဖြင့် ပြည်တွင်းရွှေဈေး အဆမတန် မြင့်တက်ခဲ့ပါက အတက်/အကျမကြမ်းအောင် အသင်းဝင်များက ထိန်းကျောင်းပေးကြရန် မေတ္တာရပ်ခံထားပြီး အသင်းတွင်လည်း လေကစားခြင်း လုံးဝခွင့်ပြုမထားကြောင်း ပြောကြား ထားသည်။
ဗဟိုဘဏ်ဘက်အနေဖြင့် ရွှေဈေးတည်ငြိမ်မှု ပျက်ပြား စေရေးအတွက် ဈေးကစားနေသူများအနေဖြင့် ကောလာဟလများကို လူမှုကွန်ရက်၊ အွန်လိုင်းများတွင် ထုတ်လွှင့်ပြီး ရွှေဈေး တည်ငြိမ်မှုမရှိစေရန် ဆောင်ရွက်နေမှုများကို စုံစမ်း ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ပန်းဆု