Main menu

Background

(၁၈-၉-၂၀၂၀) မှ (၂၄-၉-၂၀၂၀) အထိ သကြားပြည်တွင်းစျေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်တင်ပြခြင်း

Fri, 09/25/2020 - 15:13 -- journal_editor

              ယခုတစ်ပတ်အတွင်း ကမ္ဘာ့သကြားစျေးနှုန်းများ အနေဖြင့် International Sugar Organization (ISO) ၏ website ဖြစ်သော www.isosugar.org တွင် ဖော်ပြချက်များအရ နေ့စဉ် ဖြစ်ပေါ်နေသည့် ကမ္ဘာ့သကြား စျေးနှုန်းများကို လေ့လာတွေ့ရှိရပါသည်။ အဆိုပါ website တွင် ဖော်ပြချက်များအရ သကြားဖြူ (White Sugar) တစ်တန်လျှင် (၁-၉-၂၀၂၀) ရက်နေ့တွင် အမေရိကန်ဒေါ်လာ (၃၆၄.၆၀) ဒေါ်လာ ပေါက်စျေးရှိခဲ့ရာမှ အတက်အကျ အပြောင်းအလဲများ ဆက်လက် ဖြစ်ပေါ်လျက်ရှိပြီး (၂၃-၉-၂၀၂၀) ရက်နေ့တွင် သကြားဖြူ (White Sugar) တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၇၁.၆၀) ဒေါ်လာ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပါသည်

        ပြည်တွင်း ကြံစိုက်ပျိုးမှု သတင်းများအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကြံအထွက် နှင့်သကြား အထွက်နှုန်းကောင်း၍ အရည်အသွေးကောင်းသည့် ကြံမျိုးများ ရရှိရန် ရည်ရွယ်၍ အလားအလာကောင်းသည့် ကြံမျိုးများ၏ ရိတ်သိမ်းချိန်အလိုက် အရည်အသွေးနှင့် အထွက်နှုန်း လေ့လာဆောင်ရွက်ခြင်းကို ပညာရှင်များက သုတေသနပြု ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနပညာရှင်များသည် အရည်အသွေးနှင့် အထွက်နှုန်း ကောင်းမွန်သည့် စက်မှုသီးနှံ မျိုးသစ်များ သုတေသနပြု ရှာဖွေဖော်ထုတ်ရန်၊ အထွက်နှုန်း တိုးစေမည့် စိုက်ပျိုး နည်းစနစ်များ စမ်းသပ်ရှာဖွေရန်နှင့် ရရှိလာသည့် စက်မှုသီးနှံမျိုးသစ်များနှင့် စိုက်ပျိုးနည်းစနစ်များကို တောင်သူများထံ ဖြန့်ဝေပေးရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် သုတေသန နှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

အဆိုပါ သုတေသနတွင် အသုံးပြု စိုက်ပျိုးထားသည့် ကြံမျိုးများမှာ ၂၀၁၁ ခုနှစ်တွင် မျိုးကူးစပ် ရရှိခဲ့သည့် ကြံမျိုး ၁၇ မျိုးနှင့် ထုတ်ဝေပြီးမျိုးဖြစ်သော DAR-4 ကြံမျိုးကို စံထားမျိုး အဖြစ် အသုံးပြုထားခြင်းဖြစ်ကာ စုစုပေါင်း ကြံမျိုး ၁၈ မျိုးကို စမ်းသပ် စိုက်ပျိုးထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။ စမ်းသပ်ချက်များအဖြစ် ကြံသီးနှံ၏ သက်တမ်း ၁၀ လသားတွင် ရိတ်သိမ်းခြင်း၊ ၁၁ လသားတွင် ရိတ်သိမ်းခြင်းနှင့် တစ်နှစ်သားတွင် ရိတ်သိမ်းခြင်းတို့ကို Split Plot Design ကို အသုံးပြုကာ ထပ်ပြုကြိမ် သုံးကြိမ်ဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

စိုက်ပျိုးထားသည့် ကြံမျိုး ၁၈ မျိုးကို စမ်းသပ်ချက် ရိတ်သိမ်းချိန်များအလိုက် ရိတ်သိမ်း မည်ဖြစ်ရာ ရိတ်သိမ်းချိန်အလိုက် အချိုဓာတ်နှင့် သကြားပါဝင်မှု ရာခိုင်နှုန်း၊ ကြံ၏ အလေးချိန်နှင့် အထွက်နှုန်းတို့ကို စနစ်တကျ မှတ်တမ်းများ ကောက်ယူလေ့လာ သွားမည့်အပြင် အပင်ရောဂါ သုတေသနပညာရှင်များနှင့် ပူးပေါင်းကာ ကြံအူနီရောဂါများ ထိုးသွင်းစမ်းသပ် ထားရှိခြင်းကြောင့် အူနီရောဂါဒဏ် ခံနိုင်ရည်ရှိသည့် ကြံမျိုးများလည်း ရရှိမည်ဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ သိရှိရပါသည်။

ယခု စမ်းသပ်စိုက်ပျိုးထားသည့် ကြံမျိုး ၁၈ မျိုးအနက် လက်ရှိ သုတေသန၏ ပဏာမ တွေ့ရှိချက်များအရ ၁၁-၁၂၅၃၉ နှင့် ၁၁-၉၈၉၃ ကြံမျိုးများသည် အချိုဓာတ်နှင့် သကြားပါဝင်မှု မြင့်မား၍ ပင်ပွားထွက်ရှိမှုကောင်းကာ အထွက်နှုန်း ကောင်းမွန်ကြောင်း တွေ့ရှိရပြီး ၁၁-၉၈၀၁ ကြံမျိုးသည် သက်တမ်းတိုခြင်း၊ အထွက်နှုန်းကောင်းခြင်း စသည့်လက္ခဏာများ ရှိသည့်အပြင် ကြံအူနီရောဂါဒဏ် ခံနိုင်ရည်ရှိသည့် မျိုးဖြစ်ကြောင်း တွေ့ရှိရသည့်အတွက် ကြံစိုက်တောင်သူများ အနေနှင့် အထွက်နှုန်းကောင်း၊ ရောဂါဒဏ်ခံနိုင်ရည်ရှိသော ကြံသီးနှံမျိုးသန့်များနှင့် စိုက်ပျိုးနည်း ပညာများ ရယူလိုပါက စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စက်မှုသီးနှံသုတေသနဌာနစုသို့ ဆက်သွယ် ၍ အကူအညီများ ရယူနိုင်ကြောင်း သိရှိရပါသည်။ ထို့အပြင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန အနေနှင့် စက်မှုသီးနှံများဖြစ်သည့် ကြံ၊ ဝါ၊ လျှော် (ဂုန်လျှော်၊ ချဉ်ပေါင် ၊ လျှော်)၊ ပီလောပီနံ စသည့် သုတေသနများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ပြည်တွင်းသကြားထုတ်လုပ်သူများနှင့် ကြံစိုက်တောင်သူများသည် သကြားဈေး ကျဆင်း မှုကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ကြရသဖြင့် အထွက်နှုန်း ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့် များကို စိုက်ပျိုးနိုင်ခြင်းဖြင့် ဈေးကျသော်လည်း အထွက်နှုန်း ကောင်းမွန်ခြင်းကြောင့် အကျိုး အမြတ်များ ရရှိနိုင်စေရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ နှစ်အလိုက် ပြည်တွင်း ကြံစိုက်ပျိုး ထုတ်လုပ်မှုမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၃၉၈၂၉၅ ဧက၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် ၄၀၅၈၅၆ ဧက၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၄၀၃၆၇၀ ဧက၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၄၄၄၉၄၄ ဧက၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၄၅၀၉၃၀ ဧကရှိခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၃၅၂၅၅၇ ဧက စိုက်ပျိုးရန် လျာထားကြောင်း သိရှိရပါသည်။

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း တရုတ်နိုင်ငံတွင် ဖြစ်ပေါ်နေ သော သကြားဈေးနှုန်းမှာ (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၈၄၃) ဒေါ်လာဖြစ်ပေါ်ခဲ့ပြီး၊ အမေရိကန်နိုင်ငံတွင် (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၂၅၅) ဒေါ်လာ၊ ပါကစ္စတန်နိုင်ငံ တွင် (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၅၄၀-၅၄၈) ဒေါ်လာ၊ အိန္ဒိယနိုင်ငံတွင် (၁) တန် လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၄၅၅-၅၈၀) ဒေါ်လာဖြစ်ပေါ်ခဲ့ပြီး ယခင်အပတ်နှင့် နှိုင်းယှဉ် ပါက တရုတ်နိုင်ငံတွင် သကြားဈေးနှုန်း တည်ငြိမ်နေပြီး ပါကစ္စတန်၊ အိန္ဒိယနှင့် အမေရိကန်နိုင်ငံ တို့တွင် သကြား စျေးနှုန်းများ မြင့်တက်ခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း မြန်မာ-တရုတ်နယ်စပ် မူဆယ် ဒေသ၌ သကြား (၁) တန်လျှင် ပျမ်းမျှစျေးမှာ အမေရိကန်ဒေါ်လာ (၃၄၄) ဒေါ်လာရှိပြီး တရုတ် နိုင်ငံတွင် သကြား (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၈၄၃) ဒေါ်လာ ပေါက်စျေးရှိသော ကြောင့် (၁) တန်ပေါ်တွင် အမေရိကန်ဒေါ်လာ (၄၉၉) ဒေါ်လာ ဈေးနှုန်း ကွာဟချက် ရှိပါသည်။ မြန်မာ-ထိုင်းနယ်စပ်၊ မြဝတီမြို့တွင် သကြား (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၅၇၄) ဝန်းကျင်ရှိ ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၆၀၂) ဝန်းကျင်ခန့် ရှိကြောင်း လေ့လာ သိရှိရပါသည်။

ထို့အပြင် ရက်သတ္တပတ်အတွင်း တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ် ဖြစ်ပေါ်နေသော သကြားပေါက်ဈေးများကို လေ့လာရာတွင် ဟားခါးမြို့တွင် သကြား ၁ ပိဿာလျှင် (၁၉၀၀) ကျပ်နှင့် ရန်ကုန်မြို့တွင် သကြား ၁ ပိဿာလျှင် (၁၈၀၀) ကျပ်ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်နေ ပြီး မကွေးမြို့တွင် သကြား ၁ ပိဿာလျှင် (၁၁၀၀) ကျပ်၊ နေပြည်တော်နှင့် ပျဉ်းမနားမြို့တို့တွင် သကြား ၁ ပိဿာလျှင် (၁၀၀၀) ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရပါသည်။       

Trading Economics Website တွင်ဖော်ပြချက်အရ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကမ္ဘာ့သကြားဈေးနှုန်းများသည် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ၁.၄၃ % ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။