Main menu

Background

ချင်းတွင်းမြစ်ရိုးတစ်လျှောက်တွင် ပဲနီကြားများ ရာသီအမီ စိုက်ပျိုးလျက်ရှိ

Fri, 11/11/2022 - 11:39 -- journal_editor

မုံရွာမြို့ အနောက်ဘက်ကမ်း ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ် ရေဝင်ဒေသများဖြစ်ကြသည့် ရွာရှည်အုပ်စု လက်ပန်းတောင်းအုပ်စုနှင့် တုံအုပ်စုရှိ ကျေးရွာများမှ ပဲမျိုးစုံသီးနှံကို အဓိကစိုက်ပျိုး ကြောင်း သိရသည်။ အဆိုပါ ကျေးရွာ များလည်း မြေနုကျွန်းနှင့် ရေတင်အင်းမြေများတွင် ယခင်က မြေပဲသီးနှံကို အဓိက စိုက်ပျိုးခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် စိုက်ပျိုးစရိတ်သက်သာပြီး ဈေးကွက်ရရှိနေသည့် ပဲနီကြားများကို ပိုမိုစိုက်ပျိုးလာကြောင်း ဒေသခံ တောင်သူများထံမှ သိရှိရ သည်။
ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ မြေနုကျွန်းများ၌ ပဲနီကြားသီးနှံကို နှစ်စဉ် ဧက ၇၀ဝ ကျော် ပုံမှန်စိုက်ပျိုးကြောင်း၊ ယခုနှစ် အောက်တိုဘာလဆန်းပိုင်မှ စတင်စိုက်ပျိုးခဲ့သော်လည်း မိုးအဆက်မပြတ် ရွာသွန်းနေသည့်အတွက် အောက်တို ဘာလ ဒုတိယပတ်မှသာ ဆက်လက် စိုက်ပျိုးခွင့်ရရှိခဲ့ ကြောင်း၊ တောင်သူအများစုက ရာသီအမီ စိုက်ပျိုးလျက်ရှိကြောင်း၊ ယခင်နှစ်က မိုးနှောင်းရွာသွန်း ခဲ့ခြင်းမရှိသည့်အတွက် တောင်သူအများစု ရေသွင်းပြီး စိုက်ပျိုးခဲ့ ရကြောင်း၊ ပဲပေါ်ချိန် ဈေးကောင်း ရရှိခဲ့သည့်အတွက် တောင်သူများ အကျိုးအမြတ်ရရှိခဲ့ကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။ ပဲနီကြားသီးနှံမှာ စိုက်ပျိုးရလွယ်ကူပြီး ထွန်ရေးပြုပြင်စရိတ်နှင့် သွင်းအားစုစရိတ်သက်သာခြင်း၊ ဈေးနှုန်းနှင့် ဈေးကွက်ရရှိနေခြင်းများကြောင့် တောင်သူများ တစ်နှစ်ထက်တစ်နှစ် ပိုမိုစိုက်ပျိုးလာကြောင်း၊ ရာသီဥတုကောင်းမွန်ပါက တစ်ဧက တင်း ၂၀ ခန့် ထွက်ရှိကြောင်း၊ တစ်ဧက ကုန်ကျစရိတ် အနေဖြင့် နှစ်သိန်းကျော်သာ ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်တင်းလျှင် ကျပ် ၄၀ဝ၀ဝ ရရှိခဲ့သည့် အတွက် တစ်ဧက ခုနစ်သိန်းဝန်းကျင်ခန့် အကျိုးအမြတ်ရရှိခဲ့ကြောင်း တောင်သူဦးဌေးလွင်၏ ပြော ပြချက်အရ သိရှိသည်။
ယခုလက်ရှိ ဈေးကွက်အတွင်း၌ ပဲနီကြားလက်ကျန်  နည်းပါးလာသည့်အတွက် နေ့စဉ်ပေါက် ဈေးနှုန်း မထွက်ရှိကြောင်း၊ မျိုးပဲများအဖြစ် ဝယ်ယူမှုရှိနေကြောင်း၊ ပဲနီကြား တစ်တင်းကို ကျပ် ၄၈၀ဝ၀ မှ ၅၀ဝ၀ဝ အထိ ပေါက်ဈေး ရှိကြောင်း၊ ပုံမှန် အားဖြင့် ဒေသတွင်း ပဲကြော်ဖိုနှင့် စက်သမား များအပြင် မန္တလေး၊ ပခုက္ကူမြို့များမှလည်း ဝယ်လိုအားရှိနေသည့်အတွက် တောင်သူများ ပိုမိုစိုက်ပျိုးလာကြောင်းသိရသည်။
မောင်မောင်သိန်း (ယင်းမာပင်)