တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ပြည်ပတင်ပို့သည့် ပို့ကုန်များအနက် ပြောင်း (Yellow Maize) တင်ပို့မှုသည် အဓိကအမယ်တစ်ခုဖြစ်သည်။ ယခုအခါ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှထွက်ရှိသော ပြောင်းများ ကို ဝယ်ယူစုဆောင်းကြပြီး ထိုင်းနိုင်ငံသို့တင်ပို့ရန် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်ဖေဖော်ဝါရီလမှစ၍ ထိုင်းနိုင်ငံသို့ တင်ပို့နေခဲ့ပြီး ထိုင်းနိုင်ငံအနေဖြင့် ဖေဖော်ဝါရီမှ ဇွန်လထိ အခွန်ကင်းလွတ်ခွင့်ပေးထားသဖြင့် မိမိကုန်သွယ်ရေးစခန်းမှ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် (Form D) အကျိုးခံစားခွင့်ရယူကာ အရှိန်အဟုန်ဖြင့် တင်ပို့ခဲ့ကြသည်။ ပြောင်းလုပ်ငန်းရှင်များအသင်းအနေဖြင့် ယခုနှစ်ရာသီတွင် ပိုမိုတင်ပို့နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
ပြောင်းများကို ထိုင်းနိုင်ငံသို့ တင်ပို့ရာတွင် မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံစာ (သို့မဟုတ်) ထိုင်းနိုင်ငံမှ ထုတ်ပေးထားသည့်သတ်မှတ် Form ပုံစံတွင် ဖြည့်စွက်၍ ပြောင်းများကို တင်ပို့ကြရသည်။ ASEAN Specialised Meteorological Center မှ ဖော်ပြသည့် မီးခိုးငွေ့ဧရိယာ (သို့မဟုတ်) ဒေသကိုကြည့်၍ စစ်ဆေးနိုင်ပြီး ထွက်ရှိလာသည့်ပြောင်းများကိုလည်း မီးခိုးမြူကင်းစင်မှု ရှိ/မရှိ စစ်ဆေးနိုင်သည်။ သတ်မှတ် Form ပုံစံတွင် ပြောင်းစိုက်ပျိုးသည့် နေရာ၊ ဧရိယာအကျယ်အဝန်း စိုက်ပျိုးမည့်အချိန်၊ မျိုးစေ့ချသည့်အချိန်၊ ရိတ်သိမ်းချိန်နှင့် တင်ပို့မည့်ဒေသ စသည့်အချက်အလက်များကို ဖြည့်စွက်ရသည်။
၂၀၂၆ ခုနှစ် ဇွန် ၂၆ ရက်တွင် ထိုင်းနိုင်ငံမှ ပြောင်းတင်သွင်းခွင့် အခွန်ကင်းလွတ်ကာလကို နှစ်လသက်တမ်းတိုး ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း ကြေညာခဲ့သော်လည်း ထိုင်းနိုင်ငံဘက်ရှိ တိရစ္ဆာန်အစာ ကြိတ်ခွဲစက်ရုံများ လည်ပတ်မှုမှာ ရက်သတ္တတစ်ပတ် ရပ်ဆိုင်းခဲ့သည့်အပြင် ထိုင်းဘက်ခြမ်းရှိ ပြောင်းဂိုဒေါင်များတွင် ပြောင်းကုန်စည်များ ပြည့်နေသည့်အတွက် ပြောင်းအဝယ်အေးနေပြီး ပြောင်းဈေးနှုန်းများမှာ ယခင်လကတစ်တန်လျှင် ဘတ် ၁၁၃၀ဝ ရှိခဲ့ရာမှ ဇူလိုင်လအတွင်း ဘတ် ၁၀ဝ၀ဝ သာရှိကြောင်းသိရသည်။ ပြောင်းတင်ပို့သူများအနေဖြင့် ပြောင်းဈေးနှုန်းကောင်းမွန်သည့်အချိန်တွင် အရှိန်အဟုန်ဖြင့် ဆက်လက်တင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြောင်း ၉၂၆၅၃ တန်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ၁၅၇၆၄၄ တန်၊ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် ၃၂၇၀ဝ၄ တန်နှင့် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ် ၇၇၉၀၉ တန် တင်ပို့နိုင်ခဲ့ပြီး ယခုပြောင်းရာသီ (ဇူလိုင်လ ၁၀ ရက်ထိ)တွင် တန် ၁၀၄၁၆၈ တင်ပို့နိုင်ခဲ့သည်။
မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံချက်ထုတ်ပေးရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ပြီး ပြောင်းပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး အရှိန်အဟုန်ဖြင့်ဆက်လက်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
တာချီလိတ်ကုန်သွယ်ရေးစခန်း
