Main menu

Background

သံတောင်ကြီးဒေသထွက် ကော်ဖီအကြောင်း တစ်စေ့တစ်စောင်း

Wed, 11/23/2022 - 13:56 -- journal_editor

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၃၀ဝ၀ အထက်တွင်ရှိပြီး  စိုက်ပျိုးမြေဧရိယာ အများဆုံးမှာ ကော်ဖီ ဖြစ်သည်။ သံတောင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန မှ ရရှိသည့်စာရင်းအရ လျားထားစိုက်ဧက ၉၈၃၆ ဧကရှိပြီး စိုက်ပျိုး ပြီး ဧကမှာ ၉၈၀၆ ဧကဖြစ်သည်။ စိုက်ပျိုးသည့်ကော်ဖီမှာ Robusta  အမျိုးအစားဖြစ်သည်။ အသီးဆွတ်ခူးနိုင်သည့် အပင်မှာ ၇၅၄၇ ဧက ရှိသည်။ ယခုနှစ် ကော်ဖီအထွက်နှုန်းမှာ  တစ်ဧကလျှင် ၁၇၂ ပိဿာ ရှိသဖြင့် ကော်ဖီစေ့ ၂၁၂၀ တန်ခန့်   ထွက်ရှိသည်။  သံတောင်ကြီး မြို့နယ်သည် သီးနှံများ စိုက်ပျိုးရာတွင် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး အသုံးပြုမှုအနည်းဆုံး ဒေသတစ်ခုဖြစ်ကြောင်း သိရှိရသည်။
ကော်ဖီပင်များကို ပုံမှန်အားဖြင့် ဖေဖော်ဝါရီလတွင် ပျိုးထောင် ကြပါသည်။ ပျိုးဘောင်ကို  အရိပ် ၇၀ရာခိုင်နှုန်းရသောနေရာမှာစနစ် တကျပြင်ဆင်ရပါမည်။ အပင်ပေါက်ရန်  ရက် ၃၀ မှ ရက် ၅၀ ခန့်ကြာ မြင့်ပါသည်။ အပင်ပေါက်မှု ၉၅ရာခိုင်နှုန်းရှိနေစေရန် မျိုးစေ့သက် တမ်း လေးလအတွင်း ပျိုးထောင်ရပါမည်။   ကော်ဖီစိုက်ပျိုးရာတွင် ပျိုးပင်၏သက်တမ်းတစ်နှစ်သား  အရွက်စုံ ခြောက်စုံမှ ရှစ်စုံရှိနေချိန် စိုက်ခင်းထဲသို့ မြေချစိုက်ပျိုးရသည်။
ကော်ဖီပင်သည် အမြဲစိမ်းအပင်မျိုးဖြစ်ပြီး   သဘာဝအတိုင်း ထားပါက ပေ ၂၀ ကျော်အထိ မြင့်ပါသည်။ သို့ရာတွင် ကော်ဖီခြံများ တွင် အသီးများအလွယ်တကူ ခူးဆွတ်နိုင်ရန် ကိုင်းများ ချိုင်ပေးကြပါ သည်။ အရွက်နှင့်အကိုင်းဆုံသည့် အရွက်ညှာခွများတွင် အလွန် မွှေး ကြိုင်သည့် ပန်းဖြူများ အစုလိုက် ပွင့်ကြပါသည်။ ကော်ဖီတစ်ပင်သည် အနှစ် ၂၀ ကြာအောင် အသီးသီးပါသည်။   ကော်ဖီသီးများသည် ပထမတွင်  အစိမ်းရောင်ဖြစ်၍ ဝါလာပြီး နောက်ဆုံးတွင် နီသွားပါသည်။ ရာသီဥတုကောင်းသောဒေသများတွင် ကော်ဖီပင်သည် တစ်နှစ်လျှင် နှစ်ကြိမ်သုံးကြိမ်တိုင်အောင် ပွင့်နိုင်သီးနိုင်၍ တစ်ပင်တည်းမှာပင် အပွင့်နှင့်အစိမ်းသီး၊အမှည့်သီးများ တွေ့ရတတ်သည်။ကော်ဖီသီးများ မှည့်သောအခါ  အသီးများခူးဆွတ်၍ အခြောက်လှန်းခြင်း၊ အစေ့ထုတ်ခြင်းများ ပြုလုပ်ကြသည်။
ဒီဇင်ဘာလတွင် ကော်ဖီသီးများကို စတင်ဆွတ်ခူးနိုင်သည်။ ဖေဖော်ဝါရီလနှင့်   မတ်လများသည်   ကော်ဖီလှိုင်လှိုင်ပေါ်သည့် ကာလဖြစ်သည်။   သံတောင်ကြီး  ဒေသထွက်ကော်ဖီများမှာ ကြွက်အန္တရာယ်ကြောင့်လည်းကောင်း၊    လုပ်သားရှားပါးမှုကြောင့်လည်းကောင်း အနု၊ အရင့်၊ အမှည့်၊ အစိမ်းအားလုံး ဆွတ်ခူးကြသဖြင့် ရွာငံ ဒေသထွက် ကော်ဖီစေ့၏အရည်အသွေးကိုမူ မမီကြောင်းသိရှိရသည်။ အနံ့၊ အရသာနှင့် ပြည့်စုံသော ကော်ဖီကို သောက်သုံးနိုင်ရန်အတွက် ကော်ဖီစေ့အစိမ်းများကို  ညိုဝါရောင်ရအောင်  လှော်ပေးရပါသည်။ ရှေးက ကော်ဖီစေ့ကို အိမ်မှာပင်  လှော်ယူကြသော်လည်း ယခုအခါ တွင် အလုပ်ရုံကြီးများတွင် ခေတ်မီနည်းပညာများဖြင့်  လှော်ကြပါ သည်။ ကော်ဖီစေ့များကို လှော်ပြီးသောအခါ  အမှုန့်ကြိတ်ရသည်။ ကော်ဖီကို အမှုန့်ကြိတ်ပြီးပြီးချင်း  ဖျော်သောက်နိုင်လျှင်အကောင်းဆုံး ဖြစ်သည်ကို သိရှိရသည်။
သံတောင်ကြီးမြို့နယ်မှ ထွက်ရှိသော ကော်ဖီများကို တောင်ငူ မြို့မှ သံတောင်ကြီးဒေသထွက် ကွမ်းသီး၊ ချဉ်ပေါင်ဖာလာနှင့် ကော်ဖီ ဝယ်ယူသည့် ကုန်သည်ကြီးများက အဓိကဝယ်ယူပြီး ကော်ဖီမှုန့်လုပ်ငန်းများဖြစ်သော  ဖိုးလမင်း၊ ပဒေသာ၊ လင်းတို့မှလည်း ဝယ်ယူကြသည်။  ကော်ဖီစေ့အရည်အသွေးပေါ် မူတည်၍ တစ်ပိဿာလျှင် ၅၀ဝ၀ ကျပ်မှ ၇၀ဝ၀ ကျပ်အထိ  ရောင်းချရကြောင်း သိရှိရသည်။ တောင်ငူမြို့မှ ကော်ဖီမှုန့်လုပ်ငန်းများသည်  သံတောင်ကြီးဒေသမှ ကော်ဖီစေ့များကို ဝယ်ယူပြီး ခေတ်မီစက်ကြီးများဖြင့်လှော်၍ အမှုန့် ကြိတ်ရောင်းချသည်။ ကော်ဖီစေ့ တစ်ပိဿာ ကြိတ်လျှင် ကော်ဖီမှုန့် ၇၀ ကျပ်သား ရရှိကြောင်း၊ ကော်ဖီမှုန့် တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ဝ ဖြင့် ဈေးကွက်သို့ တင်ပို့ရောင်းချရကြောင်း သိရှိရသည်။
တောင်ငူမြို့မှ ကုန်သည်ကြီးများက ဝယ်ယူသော သံတောင် ကြီး ဒေသထွက်  ကော်ဖီစေ့များကို တရုတ်နိုင်ငံသို့  တင်ပို့ရောင်းချ ကြသည်။ ကော်ဖီစေ့ တစ်တန်လျှင် ကျပ် ၃၅ သိန်းမှ  ကျပ် သိန်း၄၀ အထိ ရရှိကြောင်း သိရှိရသည်။
ကော်ဖီတွင် ပါဝင်သော caffeineသည် လူကို လန်းဆန်း တက်ကြွစေပြီး အားအင်ပြည့်ဝစေသည်။ အဆီများကို လောင်ကျွမ်းစေ သည်။ Caffeineသည် နာကျင်ရောင်ရမ်းခြင်းကိုလည်း လျှော့ချ ပေးနိုင်သည်။  အသက်ကြီးလာလျှင် ဖြစ်တတ်သော   အတိတ်မေ့ ရောဂါနှင့် မေ့လွယ်သည့်ရောဂါ  ဖြစ်ပွားနှုန်းကိုလည်း လျှော့ချပေး သည်။ စိတ်ကို ပျော်စေသည်။ သို့ဖြစ်ပါ၍ စိတ်ဓာတ်ကျနေသူများ နှင့် စိတ်ရှုပ်နေသူများအတွက် ကော်ဖီသောက်လိုက်ခြင်းဖြင့် စိတ်ကို ပျော်ရွှင်စေမှာဖြစ်သည်။ Caffeine က လှုံ့ဆော်ပေး၍ ထွက်ရှိလာ သော adrenaline  ဟော်မုန်းသည် စိတ်ပျော်စေခြင်း၊ တကြွ်ကစေခြင်း ကို ဖြစ်စေသည်။  ကော်ဖီသည် ဆီးချိုဖြစ်ပွားမှုကို လျှော့ချပေးနိုင် သကဲ့သို့ ကော်ဖီတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါရှိ သဖြင့် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းကိုလည်း  လျှော့ချပေးကြောင်း သိရှိရသည်။ ကော်ဖီတွင် Vitamin B, Magnesium  နှင့် Potassium  သတ္တုဓာတ်များလည်း ကြွယ်ဝစွာပါဝင်သဖြင့် အာဟာရများစွာ ရရှိ စေသည်။  
တန်ဆေး လွန်ဘေး  ဆိုသကဲ့သို့  ကိုယ်ခန္ဓာသည် ကော်ဖီကို လက်ခံနိုင်သောပမာဏ  တစ်ဦးနှင့်တစ်ဦး မတူညီကြသဖြင့်  မိမိ ခန္ဓာကိုယ်က လက်ခံနိုင်သည့် ပမာဏထက်  ကျော်သွားသည့်အခါ ရင်တုန်ခြင်း၊ အားမရသလိုဖြစ်ခြင်းမျိုး ဖြစ်တတ်သည်။ ကော်ဖီတွင် ပါဝင်သော caffeine  သည်  ညဘက်အိပ်မပျော်ခြင်းကို ဖြစ်စေတတ်သည်။    ကော်ဖီက လူကို စွဲလမ်းစေတတ်သည်။ မူးယစ်ဆေးကဲ့သို့ ကော်ဖီသည်လည်း သောက်သည့်သူတိုင်းကို စွဲလမ်းစေတတ်သည့် အရာတစ်ခုဖြစ်သည်။   ကိုယ်ဝန်ရှိချိန်  ကော်ဖီကို  တစ်ခွက်ထက် ပိုသောက်သုံးလျှင် ကလေးဆီသို့ caffeine  ရောက်သွားပြီး အဆိပ်သင့် စေ၍ ကလေးပေါင် မပြည့်ခြင်းမျိုး ဖြစ်စေတတ်သည်။ ကော်ဖီသည် အစာရေ‌မျိုပြွန်၏ ကြွက်သားများကို ပြေလျော့စေသဖြင့် အစာအိမ် ထဲမှ  အက်ဆစ်များ ပြန်ဆန်တက်စေပြီး ရင်ပူခြင်းများကို ဖြစ်စေ တတ်ကြောင်း သိရသည်။  
သို့ဖြစ်၍ ကော်ဖီကို ဖြည့်စွက်အာဟာရအနေဖြင့်   မသုံးဆောင်သင့်ကြောင်း သိရသည်။   မြန်မာနိုင်ငံတွင် ယခုအခါ ကော်ဖီဈေးကွက်မှာ  မြင့်မားလာနေပြီး ကုန်ကြမ်းအဖြစ်သာမက တန်ဖိုးမြှင့် ကော်ဖီထုတ်ကုန်များအဖြစ် ရောင်းချ ပေးနိုင်ပါက  ဈေးကွက်ပိုမို ကောင်းမွန်လာမည်ဖြစ်သည်။ မြန်မာ့ကော်ဖီများကို ကမ္ဘာ့နိုင်ငံများ ကပင်  စိတ်ဝင်စားလာ လျက်ရှိနေရာ သံတောင်ကြီးဒေသမှ ကော်ဖီ စိုက်ပျိုးသူ  တောင်သူကြီးများသည် မိမိစိုက်ပျိုးသော ကော်ဖီပင်များ ကို နည်းစနစ်မှန်ကန်စွာ ခူးဆွတ်ခြင်း၊ ကော်ဖီလုပ်ငန်းရှင်များက  တန်ဖိုးမြှင့် ကော်ဖီများ ထုတ်လုပ်ခြင်းဖြင့် ကမ္ဘာ့ကော်ဖီဈေးကွက်ကို ထိုးဖောက်သွားနိုင်မည်လည်းဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရသည်။
Sources - ၁။ ကော်ဖီစိုက်တောင်သူများ၊ ကော်ဖီရောင်းဝယ် သည့် ကုန်သည်များနှင့် တွေ့ဆုံမေးမြန်းသည့်အကြောင်းအရာများ
               ၂။https://hellosayawon.com/
စောသန်းထိုက်ကျော်(တောင်ငူ)