Main menu

Background

မိုးမြေပဲများ ရိတ်သိမ်းပြီး ဆောင်းမြေပဲများ ဆက်လက်စိုက်ပျိုးလျက်ရှိ

Wed, 12/21/2022 - 10:27 -- journal_editor

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်သည် စပါး၊ ပဲ၊ ပြောင်း နှင့်  ဆီထွက်သီးနှံများအား အဓိကစိုက်ပျိုးလျက်ရှိပြီး ၎င်းသီးနှံများထဲမှ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မြေပဲသီးနှံကို စိုက်ပျိုးလျက်ရှိသည်။ ကျောက်ဆည်ခရိုင်အနေဖြင့်  မိုးမြေပဲကို  ၁၂၁၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၁၂၁၃ ဧက အားလုံး ရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧက အထွက်နှုန်းအနေဖြင့် ၄၉ ဒသမ ၄၈ တင်း၊ အထွက် စုစုပေါင်း ၆၀ဝ၁၉ တင်း ထွက်ရှိကြောင်း သိရှိရသည်။

စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် ဆောင်းမြေပဲများ စတင်စိုက်ပျိုးနေပြီဖြစ်ရာ ကျောက်ဆည်ခရိုင်အနေဖြင့် ဆောင်းမြေပဲကို ကျောက်ဆည်မြို့နယ်တွင် ၂၀၂ ဧက၊ စဉ့်ကိုင်မြို့နယ်တွင် ဧက ၂၀၊ မြစ်သားမြို့နယ်တွင် ၈၀၂ ဧက၊ စုစုပေါင်း ၁၀၂၄ ဧက စိုက်ပျိုးပြီးကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။ မြေပဲစိုက်ပျိုးရာတွင် မျိုးအနေဖြင့် တစ်ဧကလျှင် မျိုးတောင့်အနေဖြင့် စိုက်ပျိုးပါက လေးတင်းခန့်နှင့် အစေ့စိုက်ပျိုးလျှင် တစ်တင်းခွဲ ကုန်ကျကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုးစေ့၊ ထွန်ယက်ခ၊ လုပ်သားခ၊ စုစုပေါင်း ကျပ်သုံးသိန်း ဝန်းကျင် ကုန်ကျကြောင်း၊ ယာမြေ၊ ကုန်းမြေများပေါ်တွင် စက်တင်ဘာလကုန်ပတ်မှ စတင်စိုက်ပျိုးထားခဲ့ရာ ယခုအချိန်တွင် မြေပဲပင်ပေါက်ကလေးများ ကောင်းမွန်စွာ အောင်မြင်ဖြစ်ထွန်းနေပြီဖြစ်သည်။ မြေပဲဈေးနှုန်းအနေဖြင့် ယခုအချိန်တွင် မြေပဲတောင့် တစ်တင်းလျှင် ကျပ် ၂၁၀ဝ၀၊ မြေပဲဆန် တစ်ပိဿာလျှင် ကျပ် ၅၁၀ဝ ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ပွဲရုံများမှ သိရှိရသည်။                                              

နှင်းလဲ့လဲ့