Main menu

Background

ဈေးကွက်မှာ  မြင်တွေ့ရတော့မယ့်  မြန်မာ့သနပ်ခါး အခြေခံတိုင်းရင်းဆေးများ

Wed, 12/21/2022 - 10:36 -- journal_editor

သနပ်ခါးဆိုတာ မြန်မာလူမျိုးများနဲ့ခွဲခြားဖို့ မဖြစ်နိုင်တဲ့ အသုံးအဆောင်တစ်မျိုးဖြစ်ပါတယ်။နွေရာသီလိုမျိုး ပူပြင်းတဲ့အခါ သနပ်ခါးရည်ကျဲလေး လူးပေးတာက အသားအေးသွားစေတယ်ဆိုတာနဲ့ နေရောင်ခြည်ကြောင့်  အသားအရေ နေလောင်တာတွေကိုလည်း  သနပ်ခါးလူးပေးရင် သက်သာစေတယ် ဆိုတဲ့ သနပ်ခါးရဲ့ ကောင်းကျိုးတွေကို   မသိသူမရှိလောက်ပါဘူး။ သနပ်ခါးက အရေပြားကို ခရမ်းလွန် ရောင်ခြည်ဒဏ်က  ကာကွယ်ပေးနိုင်တဲ့ သဘာဝဆေး တစ်မျိုးလို့ ဆိုနိုင်ပါတယ်။  သနပ်ခါးမှာ  ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ များစွာပါဝင်နေပါတယ်။ သနပ်ခါး အခေါက်(အပွေး)က ရောင်ရမ်းမှုကို  လျော့ပါးသက်သာစေနိုင်တဲ့  အစွမ်းရှိတာကြောင့်   မျက်နှာအသားအရေကို နုပျိုစေပါတယ်။ ဝက်ခြံထွက်နေတဲ့သူတွေ အနေနဲ့လည်း သနပ်ခါးကိုလူးပေးလို့ရပါတယ်။ သနပ်ခါးက ဝက်ခြံတွေကို   သက်သာစေနိုင်သလို   ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။သနပ်ခါးရဲ့ အေးမြမှုနဲ့  မွှေးရနံ့က ကိုယ်ရောစိတ်ပါ ကြည်လင်စေပါတယ်။ ရေချိုးပြီး သနပ်ခါး အေးအေးလေးလူးလိုက်တာက ပင်ပန်းမှုတွေကို ပြေလျော့စေပါတယ်။ အသေးစား ထိခိုက်ရှနာဒဏ်ရာတွေကိုလည်း သနပ်ခါးလူးပေးလို့ရပါတယ်။ အသားဖြူချင်သူတွေအတွက်လည်း သနပ်ခါးက  ဘေးဥပဒ်မရှိတဲ့ ဆေးတစ်မျိုးပါ။ ဆီပူလောင်၊   ရေနွေးပူလောင်တာတွေ။ အရေပြားယားယံတာတွေအတွက်လည်း  သနပ်ခါးက အသုံးတည့်ပါတယ်။ သနပ်ခါး အမြစ်တုံးကို  သွေးလူးပေးမယ်ဆိုရင် အသားချောပြီး ဝက်ခြံကင်းတဲ့အသား အရေကို   ပိုင်ဆိုင်နိုင်စေမှာဖြစ်တယ်လို့  အလှအပ ရေးရာ ပညာရှင်တွေက ဆိုကြပါတယ်။
ကျန်းမာရေးအတွက်   အသုံးဝင်ပုံများ
သနပ်ခါးသည် အရွက်ကနေစလို့ အမြစ်အထိ အသုံးတည့်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ မြန်မာ့ဆေးကျမ်းများအရ “သနပ်ခါးသည်ပူ၏။ သွေးကိုကြွစေတတ်၏။ ပူ၊ခါး၊ချုပ်၊ပွင့်ဖြစ်၏။ ငန်းမန်းကို နိုင်စေ၏။ အပူနာ၊ အအေးနာ၊နှစ်မျိုးစလုံးနိုင်၏”လို့ဆိုထားပါတယ်။
အရွက်
အရွက်ကို ဝက်ရူးပြန်ရောဂါဆေးတွင်  သုံးနိုင် ကြောင်း၊အနာကြီးရောဂါသည်များအတွက် အရွက်ကို ပြုတ်၍ ရေချိုးပြီး ချွေးအောင်းရကြောင်း၊ အရွက်ပြုတ် ရည်ကို  ဆားများများခတ်၍ သောက်ပါက   ငှက်ဖျား ရောဂါ ပျောက်ကင်းနိုင်ကြောင်း၊အနာဝင်လျှင် အရွက် ကိုကြိတ်၍ဆန်ဆေးရေနှင့်သောက်ရကြောင်း၊အရွက် ကို အခြောက်လှန်းအမှုန့်ပြုပြီး ကွမ်းသီးလုံးခန့် ရေ ဖြင့် သောက်ပါက အဖောအရောင်၊  အနာအဆာနှင့် ကိုယ်တွင်းရောဂါဟူသမျှ   ကင်းရှင်းပျောက်ကင်းနိုင် ကြောင်း သိရှိရပါတယ်။
အသီး
အသီးကို အဆိပ်ပြေဆေး၊  ခွန်အားတိုးဆေး၊ ကျောက်ရောဂါကာကွယ်ဆေးနှင့် ပြင်းထန်သော အဖျားရောဂါများအတွက် ဖော်စပ်သော ဆေးများတွင် ထည့်သွင်းအသုံးပြုကြပါတယ်။
အမြစ်
အမြစ်ကို ဝမ်းနုတ်ဆေး၊ ချွေးထုတ်ဆေးတို့တွင် သုံးကြကြောင်း၊ အမြစ်ကို နနွင်းနှင့်သွေး၍ လိမ်းပေးပါက မီးယပ်ရောဂါများလည်း ပျောက်ကင်းနိုင်ကြောင်း၊ ကလေးချွဲကျပ်ပါက အမြစ်ကိုသွေး၍ ကွမ်းရွက်စိမ်းရည်နှင့် ဆတူတိုက်က   ချွဲအမြန်ကျစေနိုင်ကြောင်း၊ သနပ်ခါးမြစ်၊ ပန်းနုအမှုန့် ၅-ပဲသားစီကို ပျားရည် ၆-ပဲသားနှင့်ရော၍ စားသုံးသော် မြွေဆိပ်ပျောက်ကင်းနိုင်ကြောင်း၊ သနပ်ခါးမြစ်မှုန့်   သုံးကျပ်သားကို သကြား၊ ပျားရည်နှင့် ရောလျက်သောက်ပါက အစာ အိမ်ရှိ အဆိပ်ပြေစေနိုင်ကြောင်း မြန်မာ့ဆေးကျမ်းများက ဆိုထားပါတယ်။
သနပ်ခါးကို မြန်မာနိုင်ငံရှိတက္ကသိုလ်များနှင့် ပြည်ပတက္ကသိုလ်များ၊ အဖွဲ့အစည်းများက သိပ္ပံနည်းကျ ဓာတ်ခွဲသုတေသနပြုမှုများ ဆောင်ရွက်ရာတွင်လည်း သနပ်ခါးသည် လူ့ခန္ဓာကိုယ်အကျိုးပြု ဒြပ်ပေါင်းများ(Bioactive compounds) ပါဝင်ကြောင်း၊   ဘေးထွက်ဆိုးကျိုးများ ပါဝင်မှုမရှိကြောင်း၊   အလှကုန်ပစ္စည်းများအတွက် လိုအပ်သော အရင်းအမြစ်များပါရှိကြောင်း၊ ထိုအချက်များအရ သနပ်ခါးကို စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ကြောင်းတို့ကို သုတေသနပြုပြီး ထောက်ခံရေးသားမှုများ အများအပြားရှိကြောင်း သိရတယ်။ လူကြိုက်များလှတဲ့ မြန်မာ့သနပ်ခါးကို သဘာဝအတိုင်း သုံးစွဲကြသကဲ့သို့ တန်ဖိုးမြင့်  ထုတ်ကုန်များ အဖြစ်လည်း ထုတ်လုပ်ရောင်းချကြတာကိုလည်း တွေ့ရပါတယ်။ သနပ်ခါးကို အလှကုန်ပစ္စည်းတွေ၊ အသားအရေ ထိန်းသိမ်းတဲ့ပစ္စည်းတွေထဲမှာ ထုတ်လုပ်လျက်ရှိကြပါတယ်။  ဒါတွေကတော့ မျက်နှာပေါင်းတင်ဆေး၊ သနပ်ခါးခရင်မ်၊ ဖောင်ဒေးရှင်း၊ ဆပ်ပြာ၊ ဘော်ဒီလိုးရှင်း၊ ရေမွှေးတို့ဖြစ်ကြပါတယ်။ ဒါ့အပြင်  အသုံးအဆောင် များဖြစ်တဲ့ သနပ်ခါး စိပ်ပုတီး၊ ယပ်တောင်၊ သနပ်ခါးနံ့ သာခေါင်းအုံးနှင့် တခြားတန်ဖိုးမြှင့်ထုတ်ကုန်တချို့ကို ဈေးကွက်မှာ တွေ့ရှိနေရပြီဖြစ်ပါတယ်။
မြန်မာ့သနပ်ခါးဟာ အသားအရေအတွက် ကောင်းကျိုးပြုနိုင်ရုံသာမက ဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးလည်းဖြစ်တာကြောင့် ဆေးဝါးများအဖြစ် ထုတ်လုပ်ကာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်ပြီး တရားဝင်ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ  သနပ်ခါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းထံမှ သိရတယ်။  မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းအနေနဲ့ မြန်မာ့သနပ်ခါးနှင့် ပတ်သက်ပြီး      တန်ဖိုးမြှင့်ထုတ်ကုန် အမြောက်အမြား ထုတ်လုပ်နိုင်စေရန်၊ သဘာဝသနပ် ခါးဖြင့် တိုင်းရင်းဆေးအမယ်များစွာ ထုတ်လုပ်ရောင်း ချနိုင်စေရန်နှင့်    သနပ်ခါးအရွက်မှ တိုင်းရင်းဆေးဝါး များထုတ်လုပ်နိုင်ရန်  သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် များနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိတာကြောင့် မကြာမီ ကာလတွင် မြန်မာ့သနပ်ခါးကို အခြေခံတဲ့အစွမ်းထက် တိုင်းရင်းဆေးဝါးများ  အမြောက်အမြား ထုတ်လုပ်နိုင်တော့မှာ ဖြစ်ပါကြောင်း   ရေးသားတင်ပြလိုက်ရပါတယ်။
ဝေဖြိုးထက်(စားသုံးသူ-စစ်ကိုင်း)