Main menu

Background

ထန်းမြစ် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

Tue, 01/03/2023 - 14:59 -- journal_editor

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ရွှေဘုံသာကျေးရွာအုပ်စု၊ သာစည်ကျေးရွာတွင် ထန်းပင်မြစ် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစီးပွားရေးအဆင်ပြေလျက်ရှိကြောင်း၊ တောင်သူများသည် လယ်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး အပိုဝင်ငွေရရှိစေရန် ထန်းမြစ် စိုက်ပျိုးခြင်းကိုလည်း တစ်ဖက်တစ်လမ်းမှ လုပ်ကိုင်ကြကြောင်းသိရသည်။

သာစည်ကျေးရွာရှိ တောင်သူများသည် ထန်းသီးမှည့်ချိန်ဖြစ်သည့် ဝါဆို၊ ဝါခေါင်လများတွင် ထန်းသီးမှည့်များအား  ကောက်ယူစုဆောင်းပြီး တောင်သူတစ်ဦးလျှင် အလျား ၁၀ပေ၊ အနံ ၅ပေ နှင့် အမြင့်တစ်ပေရှိသော မြေကျဉ်းတူးကာ ရရှိလာသော ထန်းသီးမှည့်များကိုထည့်ထားပြီး နောင်အချိန်တွင် တူးဖော်ရာ၌ လွယ်ကူစေရန် သဲမြေများဖြင့် ဖုံးအုပ်ထားကြောင်းသိရသည်။

ထန်းပင်မြစ် အချောင်းရေ ၁၀ဝ၀ခန့် ထွက်ရှိရန် ထန်းသီးမှည့်အလုံးရေ  ၇၀ဝ ခန့် မြေကျဉ်းထဲသို့ထည့်ပြီး စိုက်ပျိုးကြကြောင်း၊ သုံးလကျော်တွင် စတင်တူးဖော်ရာ ထန်းပင်မြစ် ၈၀ဝ ခန့်ရရှိကြောင်း၊ ရောင်းချရာတွင် အချောင်းရေ ၂၀ပါ တစ်စည်းလျှင် ယခင်နှစ်က ကျပ် ၇၀ဝ- ၈၀ဝသာ ရောင်းချခဲ့ရပြီး ယခုနှစ်တွင် အကောင်းဆုံးတစ်စည်းလျှင် ကျပ် ၁၅၀ဝ ရရှိကာ ပျမ်းမျှတစ်စည်းလျှင် ကျပ် ၁၀ဝ၀ ခန့်ဖြင့် ရောင်းချရသည့်အတွက် ထန်းပင်မြစ်စိုက်ပျိုးသော မြေတစ်ကျင်းလျှင် အပိုဝင်ငွေ ကျပ်  ၄၀ဝ၀ဝ ခန့် ရရှိကြောင်း သိရှိရသည်။

စလင်းမြို့နယ်မှ ထွက်ရှိသည့် ရာသီပေါ်အညာဒေသထွက် ထန်းပင်မြစ်များအား ဒေသတွင်းစားသုံးသူပြည်သူများက ဝယ်ယူစားသုံးကြပြီး နီးစပ်ရာမြို့များနှင့် ကျေးရွာများသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ထန်းပင်မြစ်စိုက်ပျိုးရောင်း ချသည့် တောင်သူဒေါ်မိုးမိုးမြင့်ထံမှ သိရှိရသည်။

သီဟဝင်း(စလင်း)