
ပြည်မြို့မှ လုပ်ငန်းရှင်တစ်ဦးက ငါးနီတူခြောက်များကို မလေးရှားနိုင်ငံသို့ Handcarry ဖြင့် တိုက်ရိုက်တင်ပို့မှုအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှစ၍ တင်ပို့လျက်ရှိပြီး ယခုအခါ ပင်လယ်ရေကြောင်းက တင်ပို့နိုင်ရေး ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားဆောင်ရွက်လျက်ရှိသည်။ ကုန်ကြမ်းအား ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းရှိ လှေကြီးချိုင်ရွာမှ ဝယ်ယူပြီး ပြန်လည်သန့်စင်၍ တင်ပို့ကြောင်းသိရှိရသည်။ ပြည်ပမှ ငါးနီတူခြောက် ဝယ်ယူသူမှာ ယခင်က ထိုင်းနိုင်ငံမှ ဝယ်ယူခြင်းဖြစ်ပြီး ထိုင်းငါးနီတူခြောက်မှာ ကြော်လျှင် မာဆတ်လျက်ရှိသည့်အတွက် မြန်မာငါးနီတူခြောက်နှင့် ယှဉ် လျှင် မြန်မာငါးနီတူခြောက်မှာ စား၍ပိုမိုကောင်းမွန်ကြောင်း လေ့လာသိရှိရသည်။
ကုန်ကြမ်းအား ပြည်အရောက် တစ်ပိဿာလျှင် ၁၃၀ဝ၀-၁၅၀ဝ၀ ကျပ်ခန့် ကုန်ကျပြီး ပြန်လည်သန့်စင်သည့်လုပ်သားခ၊ ထုပ်ပိုးခနှင့် မလေးရှားအရောက် ကုန်ကျစရိတ်အနေဖြင့် တစ်ပိဿာလျှင် ကျပ် ၁၈၀ဝ၀-၂၀ဝ၀ဝ ခန့် ကုန်ကျသည်။ ငါးနီတူခြောက် တစ်ကီလိုလျှင် မလေးရှားငွေ ၂၅-၃၀ ရင်းဂစ် ရရှိပါသဖြင့် မလေးရှားငွေ တစ်ရင်းဂစ်လျှင် မြန်မာကျပ်ငွေ ယနေ့ပေါက်ဈေး ၆၆၀ ကျပ်ဖြစ်၍ တစ်ကီလိုလျှင် မြန်မာ ကျပ်ငွေ ၁၆၅၀ဝ-၁၉၈၀ဝ ကျပ် ရရှိမည်ဖြစ်သည်။ ၃ကီလို လျှင် ၂ပိဿာရရှိသည့်အတွက် တစ်ပိဿာလျှင် ၂၄၇၅၀-၂၉၇၀ဝ ကျပ် ဈေးရရှိသဖြင့် တစ်ပိဿာ အကျိုးအမြတ် အနေဖြင့် ကျပ် ၆၀ဝ၀-၁၀ဝ၀ဝ ခန့် အကျိုးအမြတ်ရရှိသည်။ တစ်လလျှင် ပိဿာချိန် ၂၀ဝ နီးပါး တင်ပို့ရသဖြင့် အကျိုး အမြတ်အနေဖြင့် ကျပ် ၁၂ သိန်းမှ ကျပ် သိန်း၂၀ ခန့် အကျိုးအမြတ်ရရှိကြောင်း သိရှိရသည်။
ပင်လယ်ရေကြောင်းမှ တင်သွင်းခွင့်ရပါက ယခုထက် လုပ်ငန်းပိုမိုတွင်ကျယ်လာမည်ဖြစ်ပြီး ပြည်ခရိုင်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်သည်။
ဆုမွန်ဆွေ(ပြည်)