Main menu

Background

အရည်အသွေးမီသည့် သရက်သီးများ ဈေးကောင်းရနေ

Mon, 04/24/2023 - 16:11 -- journal_editor

လက်ရှိ သရက်လှိုင်လှိုင်ပေါ်ချိန်တွင် ပြည်ပ နိုင်ငံများသို့ တင်ပို့ရန်အတွက်   အရည်သွေးမီသည့် သရက်သီးများ ဈေးကောင်းရရှိနေကြောင်း သရက် သီးတင်ပို့ရောင်းချသူများထံမှ သိရသည်။
အသီးကောင်း၊ အသီးရင့်၊  အသီးလှပါက ဈေးကောင်းပေးဝယ်ကြပြီး   စိန်တလုံးတစ်ခြင်းလျှင် ပျမ်းမျှ ၁၂၀ ယွမ် မှ ၁၇၀ ယွမ်အထိ ရရှိကြောင်း သိရသည်။
“ဈေးကွက်အစ ကောင်းတာက ပထမအစသီး ဖြစ်နေခြင်းက အဓိကအချက်ပါ။ စိန်တလုံး သရက်သီးတွေ တရုတ်ဈေးကွက်ကို စတင်ရောင်းချနေပါတယ်။ အသီးကောင်းရင် ဈေးကောင်းပေး ဝယ်ပါတယ်"ဟု အရှေ့မြောက်တံခါး သစ်သီးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၂၀ ရက်တွင် ပြောသည်။ ယခု ၂၀၂၃ခုနှစ်တွင် သရက်သီးအထွက်နှုန်းမှာ သိသိသာသာ နည်းပါးနေပြီး အချို့သော ဒေသများတွင် စိန်တလုံးများကို အမြင့်ဈေးပေးကာ ခြံပြတ် ဝယ်ယူနေကြ သည်ဟု ဆိုသည်။
“ကုန်သည်တွေကို သရက်သီးရင့်မှည့်ပြီး အရည်အသွေးမီမှ တရုတ်နိုင်ငံကို တင်ပို့စေချင်တယ်။ အခုသင်္ကြန်လည်း ပြီးပြီဆိုတော့ ဈေးကွက်က ပိုကောင်းလာနိုင်တယ်။ တောင်သူတွေကိုလည်း အသိပေးချင်တာက ဈေးကောင်း ရသည် ဖြစ်စေ၊ မရသည်ဖြစ်စေ  ကိုယ့်ရဲ့ထွက်လာတဲ့ သရက်သီးကို အရည်အသွေး ကောင်းကောင်းလေးနဲ့   ထုတ်လုပ် နိုင်မယ်ဆိုရင်တော့ ဈေးရမယ့်နှစ်ပါ။ အသီးအထွက်လည်း နည်းနေတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့်နှစ်များက ကိုဗစ်(၁၉) ကပ်ရောဂါ ဖြစ်ပွားချိန် ဝယ်ယူမှုများ ကန့်သတ်စိစစ်ခဲ့ခြင်းကြောင့် သရက်ဈေးကွက်ပျက်ခဲ့ပြီး  သရက်စိုက် တောင်သူများ အရှုံးပေါ်ခဲ့သည့်အပြင် သွင်းအားစုများ လျှော့ချအသုံးပြုခဲ့မှုကြောင့်လည်း ညှာရင်းပုပ် ရောဂါများ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ပြည် တွင်းမှထွက်ရှိသည့် စိန်တလုံးသရက်များကို အဓိက အားဖြင့် တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

ပန်းဆု