Main menu

Background

ရခိုင်တွင် ဆားထုတ်လုပ်တောင်သူများကို အစုအဖွဲ့ပုံစံနှင့် ငွေကျပ်သိန်း ၁၀ဝ၀ဝ ထုတ်ချေးမည်

Wed, 05/10/2023 - 12:10 -- journal_editor

ရခိုင်ပြည်နယ်ရှိ ဆားထုတ်လုပ် တောင်သူများကို  နိုင်ငံ့စီးပွားမြှင့်တင် ရေး ရန်ပုံငွေထဲမှ အစုအဖွဲ့ပုံစံနှင့် ငွေ ကျပ်သိန်း  ၁၀ဝ၀ဝ ထုတ်ချေးပေးသွားမည် ဖြစ်‌ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ 
အဆိုပါ ရခိုင်ပြည်နယ်ရှိ   ဆားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်  ရည်ရွယ်ပြီး ဆားထုတ်လုပ်သည့် မြို့နယ်အများစုကို ယခု မေလ အတွင်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
ကျောက်ဖြူ၊  စစ်တွေ၊ ပေါက်တော မြို့နယ်များက ဆားတောင်သူများကို မေလလယ်ခန့်တွင် ချေးငွေထုတ်ချေးပေးသွားမည်ဖြစ်ပြီး ထုတ်ချေးမည့်ပမာဏနှင့် လူဦးရေကို စာရင်းပြုစုနေဆဲဖြစ်ကြောင်း သိရသည်။ လက်ရှိ ရခိုင်ပြည်နယ်က ထွက်ရှိသည့် ဆားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝယ်လိုအား များနေသည့်အတွက် ဒေသတွင်း ဆားလုပ်ငန်းလုပ်ကိုင်သူဦး ရေ ၅၀ ရာခိုင်နှုန်းခန့် တိုးလာကြောင်း သိရသည်။
ယင်း ပြည်နယ်အတွင်း နေလှန်း ဆားလုပ်ငန်းများကို ကျောက်ဖြူ၊ သံတွဲ၊ ပေါက်တော၊  စစ်တွေ၊  ပုဏ္ဏားကျွန်း၊ မြေပုံ၊ သံတွဲ၊ မောင်တော၊ တောင်ကုတ်၊ မြောက်ဦး၊ မင်းပြားနှင့် ရမ်းဗြဲမြို့နယ်တို့တွင် ဇန်နဝါရီလမှ ဧပြီလအထိ လုပ်ကိုင်လေ့ရှိကြောင်း သိရသည်။ 
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လ တတိယအပတ်အတွင်းက နိုင်ငံတော်မှ  လယ်ယာစီးပွားမြှင့်တင်ရေးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအပါအဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ စီးပွားရေး မြှင့်တင်နိုင်ရန်အတွက် စီမံခန့်ခွဲမှုရန်ပုံငွေကျပ် ဘီလီယံ ၄၀ဝ ကို သီးသန့်ရန်ပုံငွေအဖြစ် ထူထောင်ထား ခြင်းဖြစ်သည်။ 
ထိုရန်ပုံငွေကို ခွဲဝေဖြန့်ဖြူးရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံ ကျပ် ၁၇၀ဘီလီယံ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနထံ ကျပ် ၆၀ ဘီလီယံ၊ ကယား၊ ချင်း၊ ရခိုင်ပြည်နယ်တို့ထံ ကျပ် ၁၀ ဘီလီယံ၊ ကချင်၊ ကရင်၊ မွန်၊ ရှမ်း ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ထံ ငွေကျပ် ၈ ဘီလီယံ၊ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများထံ ကျပ်ငါးဘီလီယံ အသီးသီး ခွဲဝေဆောင်ရွက်ထားပြီး ကျန်ရှိသည့်  ငွေများကိုတော့ အခြားလုပ်ငန်းများ လုပ်ဆောင်ရန် ထားရှိကြောင်း သိရသည်။

ပန်းဆု