Main menu

Background

စစ်ကိုင်းဒေသထွက် နွားနို့ယိုနှင့် နွားနို့ ဆက်စပ်အစားအစာများ

Wed, 05/10/2023 - 14:41 -- journal_editor

စစ်ကိုင်းမြို့နယ်အတွင်း နွား၊ ကြက်၊ နို့စား နွားနှင့် သိုး၊ ဆိတ်များကို အဓိကထား မွေးမြူကြပြီး နွားမွေးမြူရေးအနေဖြင့် ယခင်က ခိုင်းစေရန်နှင့် ဒေသတွင်းစားသုံးရန် မွေးမြူကြသော်လည်း ယခုပြည်ပပို့ကုန် (Export) လုပ်ငန်းများ ဆောင်ရွက်လာသဖြင့် ခြံလှောင်စနစ်ဖြင့် မျိုးကောင်းမျိုးသန့်များ မွေးမြူလာကြသည်။ ထိုသို့မွေးမြူခြင်းကြောင့် နွားဈေးကောင်းရရှိခြင်း၊ ဒေသတွင်း ကောက်ရိုး၊ မြေပဲရိုး၊ ပြောင်းရိုး စသည်တို့ကို စိုက်ပျိုးသည့် တောင်သူများက  နွားစာအဖြစ်  ရောင်းချရ၍ ဒေသခံပြည်သူများ  ဝင်ငွေနှင့်  အလုပ်အကိုင် အခွင့်အလမ်းရရှိကြောင်း သိရှိရသည်။
စစ်ကိုင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၏ ၂၀၂၃ ခုနှစ်၊ စာရင်းများအရ စစ်ကိုင်းမြို့နယ်တွင် ဒေသနွားကောင်ရေ တစ်သိန်းတစ်သောင်းကျော် မွေးမြူထားပြီး နို့စားနွားကောင်ရေ နှစ်ထောင့်ငါးရာခန့်ရှိကြောင်း သိရှိရသည်။ နို့စားနွားများကို  စစ်ကိုင်းမြို့နယ် ဆင်တပ်၊  ကုန်းရွာ၊ အောင်သာ၊ ရွာသစ်ကြီး၊ အာလောင်၊ ဝါးချက် စသည့်ကျေးရွာများနှင့် စစ်ကိုင်းမြို့ပေါ်ရှိ ရွာထောင် ရပ်ကွက်နှင့် ဧမြဝတီရပ်ကွက်တို့တွင် တစ်ပိုင်တစ်နိုင် မွေးမြူကြသည်။ နို့စားနွားများမွေးမြူ၍ ရရှိလာသော နွားနို့များကို နို့အဖြစ် ဈေးများနှင့် လက်ဖက်ရည်ဆိုင်များသို့ ရောင်းချ၍လည်းကောင်း၊ နို့ထမင်း၊ ဒိန်ချဉ်၊ နို့ခဲ၊ နို့ပူတင်း၊ နို့ကျောက်ကျော၊ နို့ငှက်ပျောပေါင်း၊  နွားနို့ယိုများစသည့် မုန့်များ ပြုလုပ်၍ ဒေသတွင်းနှင့် မန္တလေးဈေးကွက်သို့ ရောင်းချခြင်းဖြင့် စီးပွားရေး တွက်ခြေကိုက်လျက်ရှိကြောင်း သိရှိရသည်။
ရွာသစ်ကြီး‌ကျေးရွာ နွားနို့ယိုလုပ်ငန်း
စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာတွင် နွားနို့ယိုများကို စက္ကူဘူး စသည့် ထုပ်ပိုးမှုပုံစံအမျိုးမျိုးဖြင့် ရောင်းချခြင်းလုပ်ငန်းကို ၁၉၈၉ ခုနှစ်က စတင်၍ ဦးဘုန်းကြွယ်က ပုလဲနှင်းဆီ နွားနို့ယို လုပ်ငန်းအမည်ဖြင့်   စတင်လုပ်ကိုင် ခဲ့ကြောင်း၊ ယခုလုပ်ငန်းရှင် ၂၀ ခန့်ရှိပြီး  နွားနို့ယို တစ်ပိဿာပေါက်ဈေး ကျပ်တစ်သောင်းမှ  ကျပ်တစ်သောင်းငါးထောင်ကြား ပေါက်ဈေးရှိကြောင်း၊ နွားနို့ယိုများကို ၁၀ ကျပ်သား၊ ၂၀ ကျပ်သား အသီးသီး လေလုံအောင် ပလတ်စတစ် အိတ်ဖြင့် ထုပ်ပိုးပြီး ရောင်စုံစက္ကူဘူးများဖြင့် ငွေကျပ် ၁၀ဝ၀၊ ၁၅၀ဝ၊ ၂၀ဝ၀ ဈေးအသီးသီးဖြင့် စစ်ကိုင်းမြို့ရှိ တန်ခိုးကြီးဘုရားဈေးတန်းများ၌ ရောင်းချခြင်းနှင့် အမှာစာများရှိပါက မြန်မာပြည် အနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချကြောင်း ပုလဲနှင်းဆီ နွားနို့ယိုလုပ်ငန်းရှင်ထံမှ သိရှိရသည်။
ကုန်းရွာနှင့် အောင်သာကျေးရွာ နို့ထမင်းနှင့် နွားနို့ခဲလုပ်ငန်း
စစ်ကိုင်းမြို့နယ် ကုန်းရွာကျေးရွာ၌ လုပ်ငန်းရှင် ၅၀  ကျော်နှင့် အောင်သာကျေးရွာ၌ လုပ်ငန်းရှင် ၃၀ ကျော်သည် နို့ထမင်း ခေါ်  နို့ဆန်ပြုတ်များ ကျိုချက်ပြီး နှစ်ပြည်၊ သုံးပြည်ဝင် ဒန်အိုးများဖြင့် ထည့်၍လည်းကောင်း၊  နွားနို့ခဲများကို ကြော်၍ လည်းကောင်း နေ့စဉ်နံနက် ၅ နာရီတွင် မန္တလေးမြို့သို့ ဒိုင်နားကားသုံးစီးခန့်ဖြင့် ဖောက်သည်များထံ သွားရောက်ပို့ဆောင် ရောင်းချခြင်းနှင့် စစ်ကိုင်းမြို့တွင်း၌လည်း ဖောက်သည်ပေးရောင်းချခြင်းဖြင့် နေ့စဉ်ဝင်ငွေ ကောင်းလျက်ရှိကြောင်း၊ ရောင်းဈေးနှုန်းများမှာ ကျပ် ၅၀ဝ၊  ၈၀ဝ၊ ၁၀ဝ၀ ဖြစ်၍ စားသုံးသူများအနေဖြင့်လည်း ဈေးနှုန်းချိုသာပြီး အာဟာရပြည့်ဝသော လူတန်းစားမရွေး ဝယ်ယူစားသုံးနိုင်သည့် မြန်မာ့ရိုးရာ အစားအစာဖြစ်ကြောင်း လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။
နို့ထမင်း၊ ဒိန်ချဉ်၊  နို့ခဲ၊  နို့ပူတင်း၊ နို့ ကျောက်ကျော၊ နို့ငှက်ပျောပေါင်း၊ နွားနို့ယိုများစသည့်  မုန့်များပြုလုပ်ရာတွင်   ပြုလုပ်ချိန်နှင့် ရောင်းချချိန် နေ့တစ်ဝက်ခန့်သာရှိသဖြင့် အချိန်မကုန် လူမပန်းဘဲ စီးပွားရေးတွက်ခြေကိုက်သဖြင့် ထုတ်လုပ်ရောင်းချသူ   နှစ်စဉ်များပြားဆဲဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
သန်းသန်းတင် (မုံရွာ)