Main menu

Background

ပြည်တွင်းရော်ဘာဈေး မြင့်တက်လျက်ရှိ

Mon, 06/05/2023 - 13:38 -- journal_editor

ကမ္ဘာ့ရော်ဘာဈေး မြင့်တက်နေခြင်းကြောင့် ပြည်တွင်း ရော်ဘာဈေးလည်း လိုက်ပါမြင့်တက်လျက်ရှိကြောင်း ရော်ဘာ လုပ်ငန်းရှင်များထံမှ သိရသည်။ 
မြန်မာ့ရော်ဘာဈေးမှာ    နိုင်ငံတကာပေါက်ဈေးအပေါ် မူတည်၍ ဈေးအတက်အကျ ဖြစ်ပေါ်‌နေခြင်းဖြစ်ပြီး  လက်ရှိ နိုင်ငံတကာ ရော်ဘာပေါက်ဈေးမှာ ဒေါ်လာ ၁၆၅၀ မှ ၁၇၀ဝ အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း အဆိုပါအသင်း အတွင်း ရေးမှူး ဦးခိုင်မြင့်က မေ ၃၁ ရက်တွင် ပြောသည်။
 “အခု ရော်ဘာဈေးကွက်ကတော့ ပုံမှန်ပါပဲ။ ကမ္ဘာ့ဈေး ကတော့ နည်းနည်းတက်တယ်။ ကမ္ဘာ့ဈေးတက်ရင် ပြည်တွင်း ရော်ဘာဈေးပါ လိုက်တက်တာ သဘာဝပါ။   မုန်တိုင်းက ရော်ဘာထုတ်လုပ်တဲ့ ဒေသဘက်တွေကိုဝင်ရောက်မှု သိပ်မရှိ ခဲ့တော့ ရော်ဘာအထွက်နှုန်းကတော့   ကျဆင်းဖို့မရှိပါဘူး။ မိုးဆက်တိုက် ရွာသွန်းလာရင်တော့   ရော်ဘာလုပ်ငန်းတွေ နားရမှာပေါ့”ဟု ၎င်းက ပြောသည်။
ပြည်တွင်း၌  ရော်ဘာ  တစ်ပေါင်လျှင် ကျပ် ၁၃၅၀ ဝန်းကျင်မှ စတင်မြင့်တက်ခဲ့ရာ လက်ရှိတစ်ပေါင်လျှင်  ၁၄၁၀ ကျပ် ပေါက်ဈေးအထိ ရှိလာခြင်းဖြစ်သည်။ 
လက်ရှိတွင် ရော်ဘာကို နယ်စပ်တင်ပို့မှုထက် ပင်လယ် ရေကြောင်းမှ   အဓိကတင်ပို့နေပြီး   တရုတ်နိုင်ငံသို့  အဓိက တင်ပို့နေရကြောင်း သိရသည်။ 
ယခု၂၀၂၃ ခုနှစ်တွင်   ရော်ဘာတန်ချိန် သုံးသိန်း ဝန်းကျင်ခန့်အထိ ပြည်ပတင်ပို့ရန် လျာထားပြီး လက်ရှိအချိန် အထိ ရော်ဘာတန်ချိန် နှစ်သိန်းခန့် တင်ပို့ထားပြီးဖြစ်ကြောင်း သိရသည်။
ပြည်ပသို့ တင်ပို့နေသည့် မြန်မာ့ရော်ဘာ ထွက်ကုန်များ သည် ကုန်ကြမ်းအမျိုးအစားများသာဖြစ်ပြီး စုစုပေါင်းရော်ဘာ တင်ပို့မှု၏ ၇၀ ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံသို့ တင်ပို့လျက် ရှိကာ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊  ကိုရီးယား၊ အိန္ဒိယ နှင့် ဂျပန်နိုင်ငံများသို့လည်း တင်ပို့မှုများရှိနေကြောင်း  သိရ သည်။ရော်ဘာကို မြန်မာနိုင်ငံ တောင်ပိုင်းဒေသများဖြစ်သည့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင်   အများဆုံး စိုက်ပျိုးကြပြီး ရန်ကုန်တိုင်းဒေသကြီး၊   ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးမှုများရှိကာ တစ်နိုင်ငံ လုံး အတိုင်းအတာအနေဖြင့်  ရော်ဘာစိုက်ဧက ၁၀၆၄၀ဝ၀ဝ ကျော်အထိရှိကြောင်း သိရသည်။

ပန်းဆု