Main menu

Background

နဂါးမောက်သီး၏ ဆေးဖက်ဝင် အာနိသင်

Mon, 07/17/2023 - 16:22 -- journal_editor

နဂါးမောက်သီးပင်သည်  နွယ်ယောင်၊ ပင်ယောင်ဖြစ်ပါသည်။ နဂါးမောက်သီးပင်ကို တောင်အမေရိက၊ အရှေ့တောင်အာရှနှင့် အပူ ပိုင်းဒေသများတွင် အများဆုံး စိုက်ပျိုးလျက်ရှိ သည်။ အသီးသည် နဂါး၏အကြေးခွံနှင့်တူသော  စူးရှသော  အပြင်ဘက်အရေပြားကြောင့် နဂါး မောက်သီးဟု ခေါ်တွင်ကြသည်။ နဂါးမောက်သီး၏ အာဟာရတန်ဖိုးနှင့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကြောင့် ကမ္ဘာတစ်ဝန်းတွင် ရေပန်းစားလာသော ထူးခြားဆန်းပြားသည့် အသီးတစ်မျိုးဖြစ်သည်။
နဂါးမောက်သီးတွင် အနီရောင် သို့မဟုတ် အဝါရောင် တောက်ပသော အရေပြားရှိပြီး ထိပ်တွင် အရွက်စိမ်းရောင်ရှိသည်။ အသီး၏အသားသည် ပျော့ပျောင်းပြီး အမည်းရောင်ရှိသော အစေ့ငယ်များဖြင့် ဖွဲ့စည်းထားသည်။ နဂါး မောက်သီး၏ အရသာသည်  နူးညံ့ပြီး ချိုသည်။ နဂါးမောက်သီးတွင် ကယ်လိုရီပါဝင်မှုနည်းပါပြီး ဗီတာမင်စီ၊ သံဓာတ်၊ အမျှင်ဓာတ်များကြွယ်ဝစွာ ပါဝင်သည်။ နဂါးမောက်သီးသည် ဗီတာမင်စီ ကြွယ်ဝသော အသီးဖြစ်ပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးသည်။ ဗီတာမင်စီသည် ခန္ဓာကိုယ်မှ ရောဂါပိုးမွှားများနှင့် ရောဂါများကို ကာကွယ် ပေးသည်။
နဂါးမောက်သီးတွင် အမျှင်ဓာတ်ပါဝင်မှု မြင့်မားသောကြောင့် အစာခြေစနစ်ကို ကောင်း မွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်သည်။ သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေး ပြီး ကျန်းမာရေးကိုပံ့ပိုးပေးသည်။ အသီးမှာပါသည့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများက ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပြီး နှလုံးရောဂါနှင့် ကင်ဆာကဲ့သို့ နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေကို  လျှော့ချပေးနိုင်သည်။ နဂါးမောက်သီးတွင် အမျှင်ဓာတ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း များ  မြင့်မားစွာပါဝင်မှုသည် ကိုလက်စထရော ပမာဏကို လျှော့ချရန် ၊ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပြီး နှလုံးသွေးကြောဆိုင်ရာ ကျန်းမာ ရေးကို တိုးတက်ကောင်းမွန်စေသည်။
ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ် မြင့်မားသောကြောင့် အာဟာရပြည့်ဝမှုကို မြှင့်တင်ပေးပြီး အဝလွန်ခြင်းကို တားဆီးပေးနိုင်သည်။ ကျန်းမာရေးနှင့် ညီညွတ်သည့် ကိုယ်အလေးချိန် လျှော့ချသော စားအသောက်အဖြစ် ကောင်းမွန် သည့် အစားအစာတစ်ခုလည်းဖြစ်သည်။ ကိုယ်ဝန်ဆောင်မိခင်တိုင်းသည် သဘာဝသစ်သီးများကို နေ့စဉ်စားသုံးရန်  လိုအပ်သည်။  သဘာဝသစ်သီးများအနက် နဂါးမောက်သီးသည်လည်း စားသုံးသင့်သော အသီးတစ်မျိုးဖြစ်သည်။ နဂါးမောက်သီးသည် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးအတွက် လိုအပ်သော အာဟာရဓာတ်များဖြစ်သည့် ကယ်လ်စီယမ်ဓာတ်၊ ဗီတာမင်စီနှင့် ဖောလိတ်အစရှိသည်တို့ကို ဖြည့်တင်းပေးသည်။ အမျှင်ဓာတ်များလည်း ကြွယ်ဝစွာ ပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်များတွင် ဖြစ်လေ့ဖြစ်ထရှိသော ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး ဝမ်းမှန်စေသည်။  နဂါးမောက်သီးတွင်   ပါဝင်သော အာဟာရဓာတ်များကလည်း ကိုယ်ဝန်ဆောင် မိခင်၏ ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါပိုးများအလွယ်တကူ မဝင်ရောက်စေရန် ကာကွယ်ပေးသည့်အပြင် ဆေးဖက်ဝင် ဓာတ်ပစ္စည်းများမှလည်း ဓာတ်တိုးဆန့်ကျင်သော အာနိသင်ကို ရရှိသောကြောင့် မိခင်ရော  ကလေးပါ ကျန်းမာစေသည်။
နဂါးမောက်သီး၏ ဆေးဖက်ဝင်အာနိသင်များ အပြည့်အဝ  ရရှိစေရန်အတွက် စားခါနီးမှ လတ်လတ်ဆတ်ဆတ် ခွဲစားလျှင် ပိုကောင်း သည်။ နဂါးမောက်သီးကို ခွဲထားပြီးအချိန်ကြာမှ စားလျှင်  ပါဝင်သော ဗီတာမင်စီမှအစ အင်တီ အောက်ဆီဒင့်များသည် လေနှင့်ထိတွေ့ပြီး ပျက်စီးဆုံးရှုံးမှုရှိလာသောကြောင့်ဖြစ်သည်။ နဂါးမောက်သီးကို အသားအတိုင်း စားနိုင်သလို ဖျော်ရည်များ၊ အသုပ်များနှင့် အခြားဟင်းချက်နည်းများတွင်လည်း အသုံးပြုလေ့ရှိကြောင်း လေ့လာသိရှိရသည်။             

ဝင်းသန်း(ကျွန်းလှ)