Main menu

Background

ဖိလစ်ပိုင်နှင့် မြန်မာ အကြား စိုက်ပျိုးရေးနှင့် အခြားကဏ္ဍများ ပူးပေါင်းဆောင်ရွက်မည်

Mon, 09/11/2023 - 11:52 -- journal_editor

ဖိလစ်ပိုင်နှင့်မြန်မာအကြား    စိုက်ပျိုးရေးနှင့်အသေးစား၊ အငယ်စား၊  အလတ်စားလုပ်ငန်းများ     ဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက်ASEAN-BAC Philippines  ဥက္ကဋ္ဌ Mr Joe  Ma A Concepcion III နှင့် ASEAN BA Myanmar ဦးအေးဝင်းတို့က နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ ကြကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်UMFCCIမှ သိရသည်။
စက်တင်ဘာ ၅ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၊The Sultan Hotel  ၌ ကျင်းပသည့်   အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များ အများအပြား တက်ရောက်သော ဖိလစ် ပိုင်-အင်ဒိုနီးရှား စားပွဲဝိုင်းဆွေးနွေးပွဲတွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ နားလည်မှုစာချွန်လွှာတွင် အသေးစား၊ အလတ်စား နှင့် အကြီးစား တောင်သူလယ်သမားများ၊ လုပ်ငန်းရှင်များနှင့်သက် ဆိုင်ရာ အဖွဲ့အစည်းများအကြား အလားအလာရှိသော စိုက်ပျိုးရေး ကဏ္ဍ၊ စိုက်ပျိုးရေးနည်းပညာ၊ စားနပ်ရိက္ခာဖူလုံရေး၊ စားနပ်ရိက္ခာ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် စိုက်ပျိုးရေးအခြေခံ  စားနပ်ရိက္ခာ ထုတ်လုပ်ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းပုံစံများနှင့်  တန်ဖိုးမြှင့် ထောက်ပံ့မှု ကွင်းဆက်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်  လေ့လာ မှုများနှင့်လမ်းညွှန်မှုများ ပြုလုပ်ကြရန် ပါရှိသည်။
ထို့နောက် ကုန်သွယ်မှုနှင့်   ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ နည်းပညာဖလှယ်ခြင်း၊   ဆန်နှင့်လယ်ယာ ထွက်ကုန်များ၊  ဝန်ဆောင်မှုကဏ္ဍများတွင်  လိုအပ်သည့် စီးပွားရေး ဆိုင်ရာ လိုအပ်ချက်များကို သတ်မှတ်ရန်လည်း ဖော်ပြထားသည်။
ယင်းပြင်  ရာသီဥတုပြောင်းလဲမှုကို   ရင်ဆိုင်ဖြေရှင်းရာတွင် ထိရောက်သော မဟာဗျူဟာများကို     မြှင့်တင်ရန်နှင့် မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံတို့အတွက် ရေရှည်တည်တံ့သော လယ်ယာစီးပွားရေး ပတ်ဝန်းကျင်ကိုရရှိရန်တို့ ပါဝင်ကြောင်း သိရသည်။

 

ကိုဇေ