Main menu

Background

၀ါ၏သမိုင်းအစနှင့် စစ်ကိုင်းခရိုင် ဝါစိုက်ပျိုးထွက်ရှိထုတ်လုပ်မှု အခြေအနေ

Mon, 01/01/2024 - 13:19 -- journal_editor

ဝါဂွမ်းရရှိသော ဝါပင်သည် မည်သည့်နိုင်ငံ၌ ပထမဆုံး ပေါက်သည်၊  မည်သည့်နိုင်ငံသည် ဝါဂွမ်းကို ပထမဆုံးအသုံး ပြုခဲ့သည်ဟူသောအချက်ကို အတိအကျဆုံးဖြတ်ရန် ခဲယဉ်း ပေသည်။ သို့သော် အိန္ဒိယနိုင်ငံတွင် ခရစ်မပေါ်မီ နှစ်ပေါင်း ၁၅၀ဝ ခန့်ကပင် ချည်ထည်များကို  အသုံးများနေပြီဖြစ် ကြောင်း အထောက်အထားများ တွေ့ရသည်။ 
၁၉၂၀ ပြည့်နှစ် တစ်ဝိုက်တွင် ရှေးမြို့ဟောင်းကြီးများ တူးဖော်တွေ့ရှိချက်အရ အိန္ဒိယနိုင်ငံတွင်  ခရစ်မပေါ်မီ နှစ်ပေါင်း ၃၀ဝ၀  ခန့်ကပင် ချည်မျှင်ကို အထည်အလိပ်နှင့် ကြိုးအမျိုးမျိုးပြုလုပ်ရာ၌ အသုံးပြုခဲ့ကြောင်း   သိရသည်။ ခရစ်နှစ် ၁၅၀ဝ  ခန့်တွင် အိန္ဒိယနိုင်ငံသည် ချည်ထည်လုပ်ငန်း ၏ အချက်အချာနိုင်ငံ  တစ်နိုင်ငံဖြစ်နေပြီး အိန္ဒိယနိုင်ငံမှ တစ်ဆင့် ဝါပင်စိုက်ပျိုးခြင်း၊ ဝါချည်မျှင်ဖြင့် အထည်အလိပ် များ ရက်လုပ်ခြင်းအတတ်ပညာသည် ပါးရှား(အီရန်)၊ တရုတ် နှင့် ဂျပန်နိုင်ငံတို့သို့  ရောက်ရှိသွားသည်။ တရုတ်နှင့် ဂျပန် နိုင်ငံတို့တွင်  ပိုးထည်လုပ်ငန်း  ထွန်းကားနေပြီဖြစ်၍ ချည် ထည်လုပ်ငန်းသည် ပိုးထည်လုပ်ငန်းကို ထိုးဖောက်ကြီးထွား ခဲ့သည်။ ဟီရောဒိုးတပ်နှင့် ပလင်နီတို့၏ မှတ်တမ်းများ၌ ဝါချည်မျှင်အသုံးချနည်းကို ရှေးဂရိနှင့် ရောမတို့လည်း သိနား လည်ကြကြောင်း ဖော်ပြထားသည်။ ကိုလံဗက်သည် ကမ္ဘာ သစ်(အမေရိကတိုက်)သို့ ရောက်သွားစဉ်က တိုင်းရင်သား တို့သည် ဝါဂွမ်းကို အသုံးပြုလျက်ရှိကြောင်း တွေ့ခဲ့ရသည်။ မက္ကဆီကိုနှင့် ပီရူးနိုင်ငံများကို ရှာဖွေတွေ့ရှိခဲ့ သော ရေသစ် မြေသစ်ရှာ အာဇာနည်များသည်  ယင်းနိုင်ငံများ ၌  ဝါဂွမ်းကို တိုင်းရင်းသားများ အသုံးပြုလျက်ရှိကြောင်း တွေ့ရှိခဲ့ကြ သည်။ ရှေးပီရူးဂူသင်္ချိုင်းများကို တူးဖော်ကြည့်သည့်အခါ လူသေအလောင်း   ရစ်ပတ်ထားသော  အဝတ်များသည် ဝါချည်မျှင်ဖြင့် ရက်လုပ်ထားကြောင်း တွေ့ရသည်။ 
ဥရောပတိုက်သို့ ဝါဂွမ်းကို စတင် တင်သွင်းခဲ့သူများ သည် ဆာရဆင်နှင့် မူးဝါးလူမျိုးတို့ဖြစ် ၍ ခရစ် ၇၁၂ခုနှစ်တွင်  အာဖရိကမြောက်ပိုင်းမှ ဝါဂွမ်းများကို စပိန်နိုင်ငံသို့ ယူဆောင် ခဲ့ကြသည်။ ထိုမှ   အခြားဥရောပနိုင်ငံများသို့လည်း တစ်စ တစ်စ ပျံ့နှံ့ခဲ့သည်။ အင်္ဂလန်ပြည်သည် ၁၂၉၈ ခုနှစ်ကပင် ဝါဂွမ်းအကြောင်း  ကြားဖူးနေလေပြီ။ တတိယအက်ဒွပ်ဘုရင် သည် ဖလန်းဒါးနိုင်ငံသား ရက်ကန်းသည်များကို မန်ချက် စတာမြို့၌  အခြေစိုက်စေခဲ့သည်။ ထိုမြို့သည် ချည်ထည် လုပ်ငန်းအတွက် ထင်ရှားကျော်ကြားလာ၍ ရက်ကန်းလုပ်ငန်း သည် အင်္ဂလန်ပြည်၏ အဓိကလုပ်ငန်းကြီးတစ်ခု ဖြစ်လာ သည်။  ရက်ကန်းရက်လုပ်သော စက်ကိရိယာများကိုလည်း အမျိုးမျိုးတီထွင်လုပ်ကိုင်လာခဲ့ကြရာ ၁၈ ရာစုနောက်ပိုင်း အထည်အလိပ် ရက်လုပ်သောလုပ်ငန်းတွင် စက်ကိရိယာများ ကို အများအပြား အသုံးပြုလာကြသဖြင့် လုပ်ငန်းတွင်ကျယ်၍ ကုန်ပစ္စည်းအထွက်များလာသောကြောင့် စက်ရုံ၊ အလုပ်ရုံ များ၌ ကုန်ပစ္စည်းထုတ်လုပ်သည့်စနစ် ပေါ်ထွက်ထွန်းကား လာသည်။
ဝါပင်သည် ပူနွေးသော ရာသီဥတုမျိုးကို နှစ်သက်၍ တစ်နှစ်လျှင်  ရက်ပေါင်း ၂၀ဝ ခန့် ဆီးနှင်းမှ လွတ်ကင်း၍ အပူချိန် ၈၀ ဒီဂရီဖာရင်ဟိုက်ခန့်ရှိသော ဒေသ၌ စိုက်ပျိုးဖြစ် ထွန်းနိုင်သည်။ အထူးသဖြင့်  နေရောင်ခြည်များများရရှိ၍ အုံ့မှိုင်းသောရာသီဥတု   တာမရှည်သည့်ဒေသမျိုး၌ စိုက်ပျိုး နိုင်သည်။ ရာသီဥတုအုံ့မှိုင်းလျှင် ဝါပင်၌ ဝါပိုးများ များစွာ ကျရောက်တတ်သည်။ ထို့ ကြောင့် ကမ္ဘာ့အပူပိုင်းဒေသနှင့် နီးကပ်သော  သမပိုင်းဒေသ၊ ရေမဝပ်သော သဲမြေနုနှင့် မြေစေးမြေတို့၌ ဝါပင်များစိုက်ပျိုးကြသည်။ အပူပိုင်းဒေသ များ၌  ဝါပင်များအတွက် ဆီးနှင်းကို မစိုးရိမ်ရဘဲ မိုးများ လွန်သည်ကို စိုးရိမ်ရသည်။ သို့သော်ရေသွင်းစိုက်ပျိုးသော ဒေသမှလွဲ၍ ဝါပင်သည် မိုးရေအသင့်အတင့်  လိုအပ်သဖြင့် တစ်နှစ်လျှင် မိုးရေချိန်လက်မ ၂၀ခန့် သို့မဟုတ် ဝါစိုက်ချိန်  ခုနစ်လက်မအထိ ရရှိသောဒေသများ၌ စိုက် ပျိုးရသည်။ သမ ပိုင်းဒေသပေါက် ဝါပင်တို့သည် တစ်နှစ်တစ်ကြိမ် စိုက်ပျိုးရ သော ဝါပင်မျိုးတို့ဖြစ်ကြပြီး အပူပိုင်းဒေသပေါက် ဝါပင်မျိုးတို့ သည် နှစ်ရှည်ခံသည်။ အချို့သော ဝါပင်တို့သည် အတော် အတန်မြင့်မား၍ သစ်ပင်သဖွယ်ဖြစ်နေသည်။ အနောက် နိုင်ငံများတွင် ဝါထွက်ကောင်းပြီး မြေသြဇာဖြစ်ထွန်းစေရန် တစ်နေရာတည်းတွင် ဝါတစ်လှည့် ပြောင်းတစ်လှည့် စိုက်ကြ သည်။ ဝါပင်တန်းကြားများတွင် ပဲပိစပ်ပင်မျိုးတို့ကိုလည်း စိုက်ပျိုးပေးခြင်းဖြင့် ဝါပင်တို့အား မြေသြဇာဓာတ်ကောင်းစွာ ရရှိစေသည်။
ဝါပင်များကို ဧကပေါင်းများစွာ စိုက်ပျိုးပါက ဝါပင် စိုက်ရန် မြောင်းနှစ်မြောင်း ထက်မနည်း များသောအားဖြင့် နှစ်မြောင်းမှ လေးမြောင်းထိဖော်၍ စိုက်ပျိုးကြသည်။ ဝါခင်း ပိုင်ရှင်တို့သည် အဖျက်အဆီး ပိုးမွှားဒဏ်ခံနိုင်ရည်ရှိ၍ သန် စွမ်းသော ဝါပင်များရရှိရန်နှင့် ဝါထွက်ကောင်းသော ဝါပင်မျိုး ရရှိရန် မျိုးစေ့များကို ရွေးချယ်စိုက်ပျိုးလေ့ရှိကြသည်။ ချည် မျှင်ရှည်ဝါနှင့် ချည်မျှင်တိုဝါဟူ၍ နှစ်မျိုးရှိသည့်အနက် ချည် မျှင်ရှည်ဝါမျိုးလည်းဖြစ်ပြီး အချိန်တိုအတွင်း ကောက်သိမ်း နိုင်သော ဝါမျိုးဖြစ်ပါက ဝါခင်းပိုင်ရှင်များအတွက် အကျိုးရှိ သည်။
ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုး တက်စေရေးအတွက် စိုက်ပျိုးတောင်သူများ၊ ကုန်သည်အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် စက်ရုံပိုင်ရှင်များပေါင်းစပ်ညှိနှိုင်းပြီး ဟန်ချက်ညီညီ ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ နိုင်ငံတော်ဘက်မှလည်း လိုအပ်သော ပံ့ပိုးမှု များ ဖော်ဆောင် ဖြည့်ဆည်းပေးပါက ဝါနှင့်ဝါထွက်ပစ္စည်း ကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်မည်မှာ အမှန်ဖြစ်သည်။
စစ်ကိုင်းခရိုင်တွင် ၂၀၂၃-၂၀၂၄ခုနှစ် မိုးသီးနှံ (ချည်မျှင်ချည်ဝါ)လျာထားဧက ၃၆၀၁၁ ဧကဖြစ်ပြီး အမှန်စိုက် ဧက ၃၆၄၇၂ ဖြစ်၍ လျာထားချက်ထက် ၁၀၁ ရာခိုင်နှုန်း ပိုမိုစိုက်ပျိုးနိုင်ခဲ့သည်။ ချည်မျှင်ရှည်ဝါမျိုးက အလိုက် မိုးကြို တွင် ရွှေတောင်-၈၊ ရွှေတောင်-၁၀၊ မိုးနှင့် မိုးနှောင်တွင် ရွှေတောင်-၈၊ ရွှေတောင်- ၁၀၊ ငွေချည်-၉၊ ငွေချည်-၁၀၊ Hybrid(Raka) မျိုးများကို  စိုက်ပျိုးကြ‌ကြောင်း သိရသည်။ စိုက်ပျိုးရေးဦးစီးဌာန၏ အဓိကသီးနှံ ၁၀ မျိုးအနက် ဝါသီးနှံ ၏ ပန်းတိုင်အထွက်နှုန်းမှာ တစ်ဧကလျှင် ပိဿာ ၇၀ဝ ဖြစ် ပြီး စစ်ကိုင်းခရိုင်အနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ် တစ်ဧက ခန့်မှန်းကုန်ကျစရိတ်မှာ  ကျပ် ၉ သိန်းကျော်ဖြစ်ပြီး တစ်ဧက ပျမ်းမျှအထွက်နှုန်းမှာ ပိဿာ ၅၀ဝ ခန့်ဖြစ်ကြောင်း စစ်ကိုင်း ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။ 
ချည်မျှင်ရှည်ဝါ စတင်ထွက်ပေါ်ချိန် စက်တင်ဘာတွင် တစ်ပိဿာ ကျပ် ၃၀ဝ၀ ဈေးပေါက်ပြီး လှိုင်လှိုင်ထွက်ပေါ်သည် အောက်တိုဘာလနှင့်  နိုဝင်ဘာလများတွင် တစ်ပိဿာ ကျပ် ၂၇၀ဝ  ဈေးပေါက်သဖြင့် တစ်ဧကအကျိုးအမြတ်မှာ ကျပ် လေးသိန်းမှ ကျပ်ခြောက်သိန်းကြား အကျိုးအမြတ်ရှိကြောင်း သိရှိရသည်။ ဝါသီးနှံမှ  တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဝါဂွမ်း၊ ဝါစေ့၊ ဝါစေ့ဆီနှင့် ဆီကြိတ်ဖတ်များ ထုတ်လုပ်နိုင်သည်။ စစ်ကိုင်းခရိုင်၌ ဝါကြိတ်စက် ၁၃ စက်ရှိပြီး ပါရမီရပ်ကွက်ရှိ  မြမြင့်မိုရ် ဝါကြိတ်စက်တွင် တစ်လုံးလျှင် ကျပ်သိန်းနှစ်ရာ တန်ဖိုးရှိ အိန္ဒိယနိုင်ငံထုတ် ဝါကြိတ်စက် သုံးလုံးရှိပြီး ဝါကြိတ် စက်တစ်လုံးသည် ကုန်ကြမ်းဝါပိဿာ  ၁၀ဝ၀ အား တစ်ရက် ၁၂နာရီလည်ပတ်ပါက ကုန်ချောဝါဂွမ်း ၃၃၀ ပိဿာ၊ ဝါစေ့ ၆၂ ပိဿာရရှိပြီး အလေအလွင့် ၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ ထွက်ရှိလာသော ကုန်ချောဝါဂွမ်းများကို ဘေထုပ် စက်ဖြင့် ပိဿာချိန် ၄၈ ပိဿာ အထုပ်များပြုလုပ်သည်။ 
ဝါကြိတ်ခြင်းလုပ်ငန်းကို သြဂုတ်လမှ ဧပြီလထိ ကိုးလခန့် သာလုပ်ကိုင်သည်။   ကုန်ကြမ်းဝါကို  စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ဝယ် ယူပြီး ကုန်ချောဂွမ်းများကို မန္တလေး(ဂွမ်းစက်ရုံ)နှင့် မူဆယ် (တရုတ်)သို့ တင်ပို့ရောင်းချကြောင်း သိရသည်။ ဒီဇင်ဘာလ အတွင်း ဝါဂွမ်းတစ်ပိဿာ ကျပ် ၇၀ဝ၀မှ ၇၅၀ဝ၊ ဝါစေ့ တစ် ပိဿာ ကျပ် ၁၁၀ဝ  မှ ၁၂၀ဝ ပေါက်ဈေးအသီးသီးဖြင့် မန္တလေးသို့ တင်ပို့ရောင်းချကြောင်းသိရသည်။  ဝါသီးနှံသည် စိုက်ပျိုးသူတောင်သူ များအတွက်    တွက်ခြေကိုက်သကဲ့သို့ ဝါကြိတ်စက်များသည်လည်း   လုပ်ငန်းလည် ပတ်ကာလ ကိုးလခန့်ရှိသည့်အတွက် စိုက်ပျိုးသင့်သည့် သီးနှံတစ်ခုဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

သန်းသန်းတင်(မုံရွာ)