ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ လေးလ အတွင်း ပြည်ပနိုင်ငံများသို့ မြန်မာ့ပြောင်းတန်ချိန် ခုနစ်သိန်းဝန်းကျင်အထိ တင်ပို့နိုင်ရန် မျှော်မှန်း ထားကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များ အသင်းမှ သိရသည်။
လက်ရှိတွင် မြန်မာ့ပြောင်း တင်ပို့ခွင့် အတွက် ထိုင်း၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့မှ ကုမ္ပဏီခုနစ်ခုနှင့် MOU လက်မှတ်ရေးထိုးထားပြီး ဖြစ်ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦး က ဇန်နဝါရီ ၁၂ ရက်တွင် ပြောသည်။
]]မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံကို အခွန် ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်က ဖေဖော်ဝါရီလမှာ စတင်မှာဖြစ်ပါတယ်။ အခုနှစ်ကို တန်ချိန်များများ တင်ပို့နိုင်အောင် စီစဉ်နေပါ တယ်။ အသင်းအနေနဲ့ မြန်မာ့ပြောင်းကို ပြည်ပနိုင်ငံတွေဆီ တိုးမြှင့်တင်ပို့ နိုင်ရေးအတွက် ပြည်ပဈေးကွက်တွေက ကုန်သည် ဝယ်လက်အသစ်တွေနဲ့ ချိတ်ဆက်နိုင်ဖို့ကိုလည်း ကြိုးပမ်းဆောင်ရွက်နေပါတယ်ဟု ၎င်းက ပြော သည်။
ထိုင်းနိုင်ငံအနေဖြင့် မြန်မာ့ဒေသထွက် ပြောင်းကို နှစ်စဉ် ဖေဖော်ဝါရီ ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့် ပြုနေခြင်းဖြစ်ပြီး လာမည့် ဖေဖော်ဝါရီလမှစတင် ကာ တန်ချိန် အမြောက်အမြား တင်ပို့နိုင်ရန် စီစဉ် လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်းကလည်း အခွန်ကင်းလွတ်ခွင့်ဖြင့် ထိုင်းနိုင်ငံသို့ မြန်မာ့ ပြောင်း တင်ပို့ခဲ့ရာ ပင်လယ်ရေကြောင်း ကုန်သွယ် မှုမှ တန်ချိန် ခုနစ်သိန်းကျော်နှင့်နယ်စပ်ကုန်သွယ် ရေးမှ တန်ချိန် ၁ ဒသမ ၂ သန်းကျော် တင်ပို့နိုင်ခဲ့ ကြောင်း သိရသည်။
ပြည်တွင်း၌ တစ်နှစ်လျှင် ပြောင်းတန်ချိန် ၂ ဒသမ ၃ သန်းနှင့် ၂ ဒသမ ၆ သန်းကြား စိုက်ပျိုး ထွက်ရှိပြီး ပြောင်းကို ပြည်ပတင်ပို့ခြင်းအပြင် မန္တလေးမြို့နှင့်ရန်ကုန်မြို့တို့တွင်ရှိသည့် အစာစပ် စက်ရုံများ၊ ဒေသတွင်း မွေးမြူရေးလုပ်ငန်းများက လည်း ဝယ်ယူကြကြောင်း သိရသည်။
ပြည်ပတင်ပို့မှုအနေဖြင့် ထိုင်းနှင့် တရုတ် နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးစခန်းများကတစ် ဆင့် တင်ပို့ပြီး ပင်လယ်ရေကြောင်းမှနေ၍ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နှင့် အာဖရိက တို့ကိုလည်း တင်ပို့လျက်ရှိသည်။
ပန်းဆု