ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်သည် ရေထွက်ကုန်၊ စိုက်ပျိုးရေး၊ လယ် ယာထွက်ကုန်များ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် မြေပြင်၊ ရေပြင်၊ ပထဝီ အနေ အထားကောင်းမွန်သော ဒေသကြီးဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များတွင် ငါး၊ ပုစွန်ကန်များဖြင့် မွေးမြူသူဦးရေမှာ မအူပင် မြို့နယ်တွင် ကျေးရွာအုပ်စု ၅၆ အုပ်စု၌ ငါးကန်ပိုင်ရှင်ဦးရေ ၂၄၁၅ ဦး၊ ပန်း တနော်မြို့နယ်တွင် ကျေးရွာအုပ်စု ၄၂ အုပ်စု၌ ငါးကန်ပိုင်ရှင် ၄၉၁ ဦး၊ ညောင်တုန်း မြို့နယ်တွင် ကျေးရွာအုပ်စု ၃၉ အုပ်စု၌ ငါးကန်ပိုင်ရှင် ၁၅၃၄ ဦးနှင့် ဓနုဖြူမြို့နယ် ကျေးရွာအုပ်စု ၄၄ အုပ်စုတွင် ငါးကန်ပိုင်ရှင် ၂၈၉ ဦးတို့သည် ငါးမွေးမြူရေး လုပ်ငန်းကို နှစ်စဉ် မွေးမြူလျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ပုစွန်မွေးမြူရေးလုပ်ငန်းကို ညောင်တုန်းမြို့ နယ်တွင် လုပ်ငန်းရှင် ၁၃ ဦးက ဧက ၄၁၁၀ တွင် မွေးမြူလျက်ရှိသည်။ ရေချိုငါးများကို ငါးကန်များဖြင့် မွေးမြူခြင်း အပြင် သဘာဝအတိုင်း မြစ်ချောင်း၊ အင်းအိုင်များတွင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင် ခြင်းများလည်းရှိသည်။ ရေချိုငါးမွေးမြူရေးကန်များမှ ငါးသားပေါက်များကို လေး လက်မခန့်အရွယ် စတင်မွေးမြူသည့် အချိန်မှ ၁၃ လကြာချိန်တွင် ၈၀ ကျပ်သားခန့်ရှိ ငါးမြစ်ချင်းငါးများရရှိပြီး ရန်ကုန်စံပြဈေး၊ ရွှေပိတောက်ငါးဈေးနှင့် ရန်ကုန်မြို့ရှိ ငါးဒိုင်ကြီးများသို့ ပြည်တွင်းစားသုံးရန် တင်ပို့ရောင်းချလျက်ရှိသည်။ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များရှိ ငါးကန်များသည် စတင်မွေးမြူ သည့်အချိန် မတူညီသဖြင့် နေ့စဉ် ကန်ဖော်ချိန်များရှိနေသဖြင့် ငါးကန်များမှ ငါး ကန်ဖော်ချိန်တွင် ရန်ကုန်ဈေးကွက်သို့ ကုန်ချိန် ပျမ်းမျှပိဿာ ခုနစ်သောင်းခွဲခန့် ပေးပို့လျက်ရှိ ကြောင်း လေ့လာသိရသည်။
ပန်းတနော်မြို့ရှိ မြစ်ငါးတန်မွေးမြူရေးနှင့် မအူပင်မြို့နယ်ရှိ ငါးမြစ်ချင်း၊ ငါးကြင်းမွေးမြူရေး ငါးကန်တို့မှ ပြည်ပငါးဈေးကွက်သို့ တင်ပို့ရန်အတွက် ကုမ္ပဏီ များနှင့် ချိတ်ဆက်ဆောင်ရွက်၍ ရန်ကုန်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ ရောင်းချလျက်ရှိသည်။
ငါးအမျိုးအစားအလိုက်၊ အရွယ်အစား အလိုက်၊ အသေး၊ အကြီးပေါ်မူတည် ၍ ဈေးနှုန်း ကွဲပြားလျက်ရှိပြီး နေ့စဉ်ပေါက်ဈေးများကို အဝယ်ဒိုင်များက ဈေးနှုန်း ထုတ်ပြန်သတ်မှတ်ကြသည်။
ငါးဈေးနှုန်းများမှာ ငါးကန်များဖော်သည့် အချိန်နှင့် တိုက်ဆိုင်လျှင် ငါး အထွက်နှုန်းပေါများပြီး ဈေးနှုန်းကျဆင်းတတ်၍ ပြည်တွင်းဝယ်လိုအား များချိန်နှင့် ငါးအထွက်နှုန်း ကျချိန်များတွင် ဈေးနှုန်း မြင့်တက်တတ်သည်။ ပြည်တွင်းတွင် ငါး များကို နေ့ချင်းအရောက် ရန်ကုန်မြို့၏ အဝယ်ဒိုင်များ၊ ဈေးများနှင့် ကုမ္ပဏီများသို့ နေ့စဉ် ကုန်ကားကြီးများဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိသည်။
ပြည်တွင်းစားသုံးမှု မြင့်မားသော်လည်း ရေချိုငါးမွေးမြူရေးလုပ်ငန်းများ ပေါများသဖြင့် ပစ္စည်းပြတ်လပ်မှုမရှိဘဲ နေ့စဉ် ကုန်ပစ္စည်းများ လုံလောက်စွာထွက် ရှိကြောင်းသိရသည်။ ရေထွက်ပစ္စည်းရောင်းချရာတွင် မူလသဘာဝအတိုင်း ရောင်း ချခြင်းရှိသကဲ့သို့ ပြုပြင်ပြီး ငါးပိ၊ ငါးခြောက်များ ပြုလုပ်၍ ရောင်းချဖြန့်ဖြူးခြင်းများ လည်းရှိသည်။ ရေချိုငါးအပြင် ပုစွန်မွေးမြူခြင်း၊ သဘာဝနည်းလမ်းဖြင့် ပုစွန်ဖမ်း ခြင်းများလည်းရှိရာ ပုစွန်ထွက်ရှိမှုလည်း လုံလောက်မှုရှိကြောင်း သိရှိရသည်။
ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့မှုများ တွင် ပစ္စည်းအရည်အသွေးပေါ် မူတည်ပြီး ဈေးနှုန်းရရှိကာ ရေထွက်ကုန်လုပ်ငန်းသည် ပြည်ပဝင်ငွေ များစွာရရှိသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီးသည် ရေထွက် ပစ္စည်းများပေါများသဖြင့် ပြည်ပဝင်ငွေ များစွာရရှိ စေသည့်အပြင် မအူပင်ခရိုင်မှ ထွက်ရှိသော ရေထွက်ကုန်များသည် ရန်ကုန်ဈေးကွက်မှသည် ပြည်ပ ဈေးကွက် အထိ ထိုးဖောက်လျက်ရှိကြောင်း ရေးသားလိုက်ပါသည်။
သဇင် (မအူပင်)