Main menu

Background

ဂျပန်ဝန်ကြီးချုပ်က ၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ်၏ အောင်မြင်မှုများကို ပြောကြားခဲ့

Tue, 10/27/2020 - 09:55 -- journal_editor

ဂျပန်ဝန်ကြီးချုပ် Mr. Suga Yoshihide သည် အနာဂတ်တွင် အင်ဒို-ပစိဖိတ် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို တည်ဆောက်ရန်အတွက် အတူပူးပေါင်း ဆောင်ရွက်သွား ကြရန် ဗီယက်နမ်နှင့် အင်ဒိုနီးရှားမှ နိုင်ငံ့ခေါင်းဆောင်များနှင့် သဘောတူညီမှုရရှိခဲ့ကြောင်း ပြောကြားလိုက်ပါသည်။

Mr. Suga သည် ပြီးခဲ့သည့် စက်တင်ဘာလက ဝန်ကြီးချုပ်အဖြစ် စတင် တာဝန်ယူခဲ့ပြီး နောက်ပိုင်း ပထမဆုံး ပြည်ပရီးစဉ်အဖြစ် ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ခရီးစဉ်နောက်ဆုံးနေ့ ဖြစ်သည့် အောက်တိုဘာလ ၂၁ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာ၌ သတင်းထောက်များနှင့် တွေ့ဆုံခဲ့ပါသည်။

Mr. Suga က ဂျပန်နှင့် ASEAN သည် တရားဥပဒေစိုးမိုးရေး၊ အင်ဒို-ပစိဖိတ်ဒေသတွင်း ပွင့်လင်းမြင်သာမှုရှိစေရေးစသည့် အရေးကိစ္စများနှင့်ပတ်သက်သည့် အခြေခံများ ချမှတ်နိုင်ရန် တူညီသည့် ရည်ရွယ်ချက်များ ရှိကြသည့်အတွက်  အပြန်အလှန် ပံ့ပိုးကူညီကာ  ရင်းနှီးမှုများ ပိုမို ခိုင်မြဲအောင် ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ၊ ၎င်းအနေဖြင့်  ပြီးခဲ့တဲ့နှစ်အတွင်း ASEAN  အဖွဲ့ကြီးက အဆိုပြုခဲ့သည့်  "ASEAN Outlook on the Indo-Pacific" ဟူသည့် ကြေငြာ ချက်ကို ဂျပန်နိုင်ငံက ထောက်ခံပါကြောင်း၊ အဆိုပါကြေငြာချက်သည် ဂျပန်နိုင်ငံ၏ လွတ်လပ် ပွင့်လင်းသည့် အင်ဒို-ပစိဖိတ်ဒေသရေးဆိုင်ရာ ကနဦးလှုပ်ရှားမှုများနှင့်  အခြေခံ ရှုထောင့်ပိုင်းတွင် တူညီမှုများစွာ ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဝန်ကြီးချုပ် Mr. Suga က အင်ဒို-ပစိဖိတ်ဒေသအတွင်း လွတ်လပ်ပွင့်လင်းမှုနှင့် တရား ဥပဒေစိုးမိုးရေးကိစ္စရပ်များ အမြစ်တွယ်ခိုင်မာလာမှသာ အဆိုပါဒေသတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့ကို အောင်မြင်စွာ ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါအချက်သည် တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံ၏ နေရာယူမှု တိုးမြှင့်လာခြင်းကို Mr. Suga အနေဖြင့် ရည်ရွယ်ထောက်ပြသည့်သဘောဖြစ်ကြောင်း သုံးသပ်ကြပါသည်။

တောင်တရုတ်ပင်လယ်၌ သဘောထားတင်းမာမှုများ ပိုမိုတိုးပွားလာစေမည့် မည်သည့် လှုပ်ရှားမှု မျိုးကိုမဆို ဂျပန်နိုင်ငံအနေဖြင့်  ကန့်ကွက်မည်ဖြစ်ပါကြောင်း၊ ဒေသတွင်းအရေးကိစ္စ များတွင်  ပါဝင်ပတ်သက်သူအားလုံးအနေဖြင့်  အတင်းအကျပ်ဆောင်ရွက်ခြင်း သို့မဟုတ် အကျပ် ကိုင်ခြင်းများအစား နိုင်ငံတကာ ဥပဒေလုပ်ထုံးလုပ်နည်းများကို အခြေခံကာ ငြိမ်းချမ်းရေး နည်းလမ်းနှင့် ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း ဝန်ကြီးချုပ်က အလေးအနက်ထားပြောကြားခဲ့ပါသည်။

နန္ဒာဝင်း

စီးပွားရေးသံမှူး၊ တိုကျိုမြို့