Main menu

Background

Pfizer ဆေးကုမ္ပဏီက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ လက်တွေ့စမ်းသပ်မှုများဂျပန်နိုင်ငံတွင် ပြုလုပ်ဖို့ရှိ

Tue, 10/27/2020 - 09:57 -- journal_editor

အမေရိကန် ဆေးကုမ္မဏီကြီး Pfizer က ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး၏ လက်တွေ့စမ်းသပ်မှုများကိုမကြာခင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ လက်တွေ့စမ်းသပ်မှုတွင် အသက် ၂၀ မှ ၈၅ နှစ်အကြား ဂျပန်နိုင်ငံသား ၁၆၀ ဦး ပါဝင်မည်ဖြစ်ကြောင်း Pfizer က အောက်တိုဘာလ ၂၀ ရက်နေ့က ကြေညာခဲ့ပါသည်။ အဆိုပါ  လူပုဂ္ဂိုလ် ၁၆၀ ဦးကို သီတင်း ၃ပတ်ခြားကာ ကာကွယ်ဆေး ၂ ကြိမ် ထိုးကာ စမ်းသပ်မည် ဖြစ်ပြီး  ကုမ္ပဏီက စမ်းသပ်မှုများကို ယခုအောက်တိုဘာလအတွင်းမှာပင် စတင်ရန် စီစဉ်ထားကြောင်း သိရပါသည်။

ကာကွယ်ဆေး၏ အာနိသင်နှင့် ဘေးကင်းမှုကို အတည်ပြုပြီးနောက်ပိုင်း ဂျပန်နိုင်ငံ၌ ကာကွယ်ဆေး ထုတ်လုပ်ရောင်းချမှုအတွက် ခွင့်ပြုချက်လျှောက်ထားရယူသွားရန် အဆိုပါ ကုမ္ပဏီ က ရည်ရွယ်နေကြောင်းသိရပါသည်။ Pfizer သည် ၎င်း၏ မိတ်ဖက်ဂျာမနီကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းကာ အဆိုပါကာကွယ်ဆေးကို တီထွင်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေပြီး ၂၀၂၁ ခုနှစ်၊ ဇွန်လ မကုန်မီ လူဦးရေ သန်း ၆၀ အတွက် ကာကွယ်ဆေးများကို ဖြည့်တင်းပေးသွားရန် ဂျပန် အစိုးရနှင့် သဘောတူထားပြီးဖြစ်ပါသည်။

နန္ဒာဝင်း

စီးပွားရေးသံမှူး၊ တိုကျိုမြို့