Main menu

Background

ပြည်ဝင်ခွင့်ကန့်သတ်ချက်များ ထပ်မံ ဖြေလျှော့ရန် ဂျပန် ပြင်ဆင်နေကြောင်းသိရ

Tue, 10/27/2020 - 09:58 -- journal_editor

ဂျပန်နိုင်ငံတွင် အများဆုံး ၇၂ နာရီအထိ အချိန်တိုနေထိုင်ရန် ဝင်ရောက်လာသည့် ပြည်ပ စီးပွားရေးသမား ခရီးသွားများကို သီးခြားခွဲနေရန် အချိန်ကာလ ကန့်သတ်ချက်ကို ဖြေလျော့ ဖယ်ရှားရေး ဂျပန်အစိုးရက စဉ်းစားပြင်ဆင်နေကြောင်း သိရပါသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်ထားနိုင်သည့် နိုင်ငံနှင့် နယ်မြေများမှ ခရီးသွားများအပေါ် ယခုကဲ့သို့ ကင်းလွတ်ခွင့်ပြုခြင်းကို ကျင့်သုံးရန် ဂျပန်အစိုးရက စဉ်းစားနေခြင်း ဖြစ်ပါသည်။

အဆိုပါခရီးသွားများအနေဖြင့် ဗိုင်းရပ်စ်ပိုး စစ်ဆေးစမ်းသပ်မှု ရလဒ်များ၊ ဂျပန်ပြည်တွင်း သွားလာရန် ရည်ရွယ်ထားသည့် နေရာတွေကို ဖော်ပြထားသည့် ခရီးသွားလာမှုအစီအစဉ်ကို တင် သွင်းရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် အဆိုပါအစီအစဉ်ကို လာမည့်နိုဝင်လတွင် အစောဆုံးအနေ ဖြင့် စတင်နိုင်ရေး ဂျပန်အစိုးရက ပြင်ဆင်နေပါသည်။

ဂျပန်နိုင်ငံသည် တောင်ကိုရီးယား၊ စင်္ကာပူနှင့် အခြားနေရာဒေသများအကြား စီးပွားရေး ဆိုင်ရာ ခရီးသွားလာမှုများကို ပြန်လည်စတင်နေပြီဖြစ်ပါသည်။ ထို့အပြင် ကာလလတ်နှင့် ကာလ ရှည် နေထိုင်ရန် သတ်မှတ်ချက်များနှင့် ပြည်မီသည့် ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံခြားသားများအတွက် ပြည်ဝင်ခွင့် ကန့်သတ်ချက်များကိုလည်း ဖြေလျှော့ခဲ့ပြီး ဖြစ်ပါသည်။

ဂျပန်အစိုးရသည် လေဆိပ်များတွင် ဗိုင်းရပ်စ်ပိုး စစ်ဆေးမှုမှု စွမ်းရည်ကို ပိုမိုတိုးမြှင့် ဆောင်ရွက်ပြီး ပြည်ဝင်ခွင့် ကန့်သတ်ချက်များ လျှော့ချရန်နှင့် နိုင်ငံခြားတိုင်းပြည်များအကြား ဝင်ထွက်သွားလာမှုများကို  တိုးချဲ့ဆောင်ရွက်သွားရန် စိတ်အားထက်သန်နေကြောင်း သိရပါသည်။

 

နန္ဒာဝင်း

စီးပွားရေးသံမှူး၊ တိုကျိုမြို့