Main menu

Background

စင်ကာပူ၏ ကုန်စည်ကုန်သွယ်မှုသည် သြဂုတ်လအတွင်း၌ ၁.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊စက်သုံးဆီမဟုတ်သောပြည်တွင်းထုတ်ပို့ကုန်မှာ ၅.၉ ရာခိုင်နှုန်းတိုးတက်ခဲ့

Tue, 10/27/2020 - 11:26 -- journal_editor

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလအတွင်း စင်ကာပူနိုင်ငံ၏ ကုန်စည်ကုန်သွယ်မှုသည် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ပို့ကုန်ပိုင်းတွင် ၂.၁  ရာခိုင်နှုန်း နှင့် သွင်းကုန်ပိုင်းတွင် ၁.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

          ကာလအလိုက်ညှိနှိုင်းမှုစာရင်းအရ စက်တင်ဘာလတွင် ပို့ကုန်တန်ဖိုး စင်ကာပူဒေါ်လာ ၄၁.၅ ဘီလီယံနှင့် သွင်းကုန်တန်ဖိုး စင်ကာပူဒေါ်လာ ၃၈.၄ ဘီလီယံ ရရှိခဲ့သဖြင့် စုစုပေါင်း ကုန်စည်ကုန်သွယ်မှုသည် စင်ကာပူဒေါ်လာ ၇၉.၉ ဘီလီယံ ရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

          ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ကုန်စည်ကုန်သွယ်မှုသည် ဆက်လက်ကျဆင်းမှု ဖြစ်ပေါ်နေ သော်လည်း စက်သုံးဆီမဟုတ်သောပြည်တွင်းထုတ်ပို့ကုန် (Non-Oil Domestic Exports) မှာ စက်တင်ဘာလတွင် စင်ကာပူဒေါ်လာ ၁၄.၀၇ ဘီလီယံရရှိခဲ့သဖြင့် ယခင်နှစ်ထက် ၅.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ စက်သုံးဆီမဟုတ်သောပြည်တွင်းထုတ်ပို့ကုန်များကို အီလက်ထရွန်နစ်ပစ္စည်း ပို့ကုန်နှင့် အီလက်ထရွန်နစ်ပစ္စည်းမဟုတ်သောပို့ကုန်ဟူ၍ နှစ်မျိုးခွဲခြားထားရာ အီလက်ထရွန်နစ် ပစ္စည်းပို့ကုန်သည် ၂၁.၄ ရာခိုင်နှုန်းနှင့် အီလက်ထရွန်နစ်ပစ္စည်းမဟုတ်သောပို့ကုန်သည် ၁.၈ ရာခိုင်နှုန်း အသီးသီးတိုးတက်မှုရှိခဲ့ကြောင်း၊ အီလက်ထရွန်နစ်ပစ္စည်းပို့ကုန်များတွင် အဓိကအား ဖြင့် ICs (၃၀.၁%) ၊ Personal Computers ပစ္စည်းအစိတ်အပိုင်း (၂၂.၇%) နှင့် Disk Media ပစ္စည်း (၁၅.၂%) တို့ကို တိုးမြှင့်တင်ပို့နိုင်ခဲ့ပြီး၊ အီလက်ထရွန်နစ်ပစ္စည်းမဟုတ်သောပို့ကုန်များအနက် အထူးသဖြင့် ရွှေ (၅၃.၄%)၊ အထူးထုတ်လုပ်ထားသောစက်ပစ္စည်း (၃၄.၂%) နှင့် Food Preparations (၃၀.၇%) တို့ကို ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ စင်ကာပူသည် စက်သုံးဆီမဟုတ်သော ပြည်တွင်းထုတ်ပို့ကုန်များကို ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် တောင်ကိုရီးယားတို့မှလွှဲ၍ ၎င်း၏ အခြားအဓိကစျေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ခဲ့ပြီး၊ အထူးသဖြင့် အီးယူ ၂၇ နိုင်ငံ (၆၀.၅%)၊ မလေးရှား (၂၈.၈%) နှင့် အမေရိကန် (၃.၇%) နိုင်ငံများသို့ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ သို့သော် ဖွံ့ဖြိုးဆဲစျေးကွက်များသို့ တင်ပို့မှုမှာ ၁၄.၃ ရာခိုင်နှုန်းအထိ ယခင်လထက် ပိုမိုကျဆင်း ခဲ့ကြောင်း ဖော်ပြထားပါသည်။

          စက်သုံးဆီစျေးနှုန်းများ ကျဆင်းနေသည့်ကာလဖြစ်ရာ စက်တင်ဘာလတွင် စင်ကာပူ၏ စက်သုံးဆီတင်ပို့မှုသည် ၄၅.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ အဓိကအားဖြင့် ဟောင်ကောင် (-၇၇.၁%)၊ အင်ဒိုနီးရှား (- ၄၅.၈%) နှင့် မလေးရှား (- ၄၅.၆%) နိုင်ငံများသို့ တင်ပို့မှုကျဆင်းခဲ့ပါသည်။ သို့ရာတွင် အီလက်ထရွန်နစ်ပစ္စည်းများကို ပြန်လည်တင်ပို့မှု မြင့်တက်လာခဲ့သဖြင့် စက်သုံးဆီ မဟုတ်သောကုန်ပစ္စည်းများကို ပြန်လည်တင်ပို့မှု (Non-Oil Re-exports) အပိုင်းတွင် ၅.၁ ရာခိုင်နှုန်း တိုးတက်မှုဖြစ်ပေါ်ခဲ့ပါသည်။

သတင်းရင်းမြစ် ။    ။ Ministry of Trade & Industry, Singapore

မြတ်နိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့