Main menu

Background

စင်ကာပူနိုင်ငံက မလေးရှားနိုင်ငံမှ လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၁၀၀ တင်သွင်းမည်

Tue, 10/27/2020 - 11:26 -- journal_editor

စင်ကာပူနိုင်ငံသည် နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်အပေါ် ထောက်ပံ့မှုအရင်းအမြစ်များ ပိုမိုရရှိစေရေးအတွက် ၂၀၂၁ ခုနှစ် အစောပိုင်းမှစ၍ မလေးရှားနိုင်ငံမှ လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၁၀၀ ကို တင်သွင်းသွားနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး၊ ထိုသို့တင်သွင်းမှုကို (၂) နှစ် စမ်းသပ် ပြုလုပ်သွားမည်ဟု ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီး Mr Chan Chun Sing က          ၂၆-၁၀-၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် "Singapore International Energy Week" ဆွေးနွေးပွဲ၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းကြေညာပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စွမ်းအင်စျေးကွက်ကြီးကြပ်မှုအာဏာပိုင် (Energy Market Authority - EMA) ကလည်း လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၁၀၀ တင်သွင်းရန် အတွက် ၂၀၂၁ ခုနှစ်၊ မတ်လခန့်တွင် အဆိုပြုလွှာများဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ ဤပမာဏ သည် စင်ကာပူနိုင်ငံ၏ လျှပ်စစ်ဓါတ်အား အမြင့်မားဆုံးလိုအပ်ချက်၏ ၁.၅ ရာခိုင်နှုန်းနှင့် ညီမျှပါကြောင်း၊ စင်ကာပူတွင် လျှပ်စစ်ဓါတ်အားသုံးစွဲမှု အမြင့်ဆုံးရောက်ရှိခဲ့သော ၂၀၁၉ ခုနှစ်၊ မေလတွင် မဂ္ဂါဝပ် ၇,၄၀၄ အထိရှိပါကြောင်း သတင်းထုတ်ပြန်ထားပါသည်။ လက်ရှိတွင် စင်ကာပူ သည် လျှပ်စစ်ဓါတ်အားတင်သွင်းမှု မရှိကြောင်းနှင့် အဆိုပါ လျှပ်စစ်ဓါတ်အားတင်သွင်းမှုကို ၂၀၂၁ ခုနှစ်ကုန်ပိုင်းတွင် စတင်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

          စင်ကာပူသည် ပြည်တွင်းလျှပ်စစ်ဓါတ်အားထုတ်လုပ်မှု၏ ၉၅ ရာခိုင်နှုန်းကျော်အတွက် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများမှ အဓိကတင်သွင်းသည့် သဘာဝဓါတ်ငွေ့မှ ထုတ်လုပ်လျက်ရှိ ပြီး၊ စင်ကာပူ၏ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုများလျော့ပါးသက်သာစေရေး ကတိကဝတ်များနှင့် အညီ စွမ်းအင်ထုတ်လုပ်မှုပိုင်းကို ပြောင်းလဲဆောင်ရွက်ရန်လိုအပ်လျက်ရှိသဖြင့် ဒေသတွင်းရှိ ပိုမိုသန့်ရှင်းသော စွမ်းအင်ရင်းမြစ်များအား ရယူအသုံးပြုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မလေးရှားမှ လျှပ်စစ်ဓါတ်အား ၁၀၀ မဂ္ဂါဝပ် စမ်းသပ်တင်သွင်းမှုသည် လျှပ်စစ်ဓါတ်အားတင်သွင်း မှုဆိုင်ရာ နည်းပညာပိုင်းနှင့် စည်းမျဉ်းစည်းကမ်းမူဘောင်များ ပြန်လည်သုံးသပ်ဆန်းစစ်နိုင်ရန် ရည်ရွယ်ပြီး၊ လာမည့်အနာဂတ်ကာလများတွင် ပိုမိုများပြားသည့်ပမာဏကို တင်သွင်းအသုံးပြုနိုင် ရေးအတွက်လည်း အထောက်အကူပြုပေးမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

          Reuters သတင်းဌာနကလည်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် သြစတြေးလျလုပ်ငန်းများ အနေဖြင့် နေစွမ်းအင်အသုံးပြုလျှပ်စစ်ဓါတ်အားထုတ်လုပ်မှုစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုကြီးများ ပြုလုပ်လျက် ကမ္ဘာ့အရှည်ဆုံးပင်လယ်ဖြတ်သန်းကေဘယ်လိုင်းဖြင့် စင်ကာပူသို့ တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားပါသည်။ စင်ကာပူနိုင်ငံအနေဖြင့်လည်း ၂၀၂၅ ခုနှစ်တွင် ၎င်း၏စွမ်းအင်လိုအပ်ချက်၏ ၂ ရာခိုင်နှုန်းရှိသော လျှပ်စစ်ဓါတ်အား (၁.၅ GWp အထိ) ကို နေစွမ်းအင်မှ ထုတ်လုပ်သွားနိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်းနှင့် အစိုးရသည် ကာဗွန်နည်းသောစွမ်းအင်များကို ပိုမိုထုတ်လုပ်သုံးစွဲသွားနိုင်ရေးအတွက် စင်ကာပူဒေါ်လာ ၄၉ သန်းကို လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

          "Singapore International Energy Week" ဆွေးနွေးပွဲသည် ကိုဗစ် ၁၉ စတင်ဖြစ်ပွားခဲ့ သည့်အချိန်မှစ၍ ပထမဆုံးနှင့် အကြီးဆုံးကျင်းပသည့်ပွဲတစ်ပွဲဖြစ်ပြီး၊ Safe Management အစီအမံအမျိုးမျိုးကို ချမှတ်၍ ကျင်းပနေခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲသို့ လူကိုယ်တိုင် တက်ရောက်လာသူများအနေဖြင့် ၁၅ မိနစ်အတွင်း ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံထားရမှုရှိ၊ မရှိ အမြန်စစ်ဆေးသည့် "Antigen Rapid Tests" ဖြင့် စစ်ဆေးမှုခံယူရမည်ဖြစ်ပါသည်။ ဤကဲ့သို့ ဆန်းသစ်တီထွင်မှုနည်းလမ်းများကို အသုံးပြုဆောင်ရွက်လျက်ရှိခြင်းကြောင့် ဆွေးနွေးပွဲအမျိုးမျိုး ကျင်းပမှုတွင် စင်ကာပူသည် လုံခြုံမှုရှိပြီး ယုံကြည်စိတ်ချရသော ရှေ့ဆောင်နိုင်ငံတစ်နိုင်ငံဖြစ် လာစေရေး ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း Mr Chan Chun Sing က ပြောကြားခဲ့ပါသည်။

သတင်းရင်းမြစ် ။    ။ The Straits Times/ Today News

မြတ်နိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့