Main menu

Background

ASEAN-Korea Excellent Design Exhibition Award အစီအစဉ်တွင် မြန်မာနိုင်ငံ၊ Greenovation Design & Packaging Solutions Co., Ltd. မှ ဆုရရှိခဲ့

Wed, 11/04/2020 - 12:35 -- journal_editor

ASEAN-Korea Center မှ ကြီးမှူး၍ Vietnam Trade Promotion Agency နှင့် The Korean Institute of Design Promotion (KIDP) တို့ ပူးပေါင်းစီစဉ်သော ASEAN-Korea Excellent Design Exhibition Award 2020 အစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်၊ မေလမှစတင်၍ စီစဉ်ခဲ့ကြရာ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ထုတ်ပိုးမှုဒီဇိုင်းကုမ္ပဏီများက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါသည်။ ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသူများနက် ပြိုင်ပွဲစည်းကမ်းသတ်မှတ်ချက်များနှင့်ကိုက်ညီသော အာဆီယံဒီဇိုင်းကုမ္ပဏီ ၂၉ ခုမှ ဒီဇိုင်း ၄၄ ခုသည် ASEAN-Korea Excellent Design Exhibition Award အစီအစဉ်သို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး မြန်မာနိုင်ငံမှဒီဇိုင်းသုံးမျိုး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါသည်။

ပြိုင်ပွဲတွင်အဆင့်ဆင့်ယှဉ်ပြိုင်ခြင်းများကို Online မှဆောင်ရွက်ခဲ့ကြပြီး သက်ဆိုင်ရာ Evaluation Committee Board မှ အဆင့်ဆင့်အကဲဖြတ်ခြင်းများကို စိစစ်ဆောင်ရွက်ခဲ့ကြပါသည်။ ပထမအဆင့်တွင် စကာတင် ဒီဇိုင်း ၂၀ ရွေး ချယ်ခဲ့ပြီး အဆင့်ဆင့်ယှဉ်ပြိုင်ခြင်းများကို ဆက်လက်‌ဆောင်ရွက်ကာ နောက်ဆုံးအဆင့်တွင်ဆုချီးမြှင့်ရန် ရွေးချယ်ခံရသည့် ဒီဇိုင်း(၉)မျိုး ကို  ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၃ ရက်တွင် ASEAN-Korea Center မှ ထုတ်ပြန်ကြေညာခဲ့ပါသည်။ ASEAN-Korea Excellent Design Exhibition Award အစီ အစဉ်တွင် စင်ကာပူနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘရူနိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ဆုများအသီးသီးရရှိခဲ့ကြပြီး မြန်မာနိုင်ငံ၊ Greenovation Design & Packaging Solutions Co., Ltd. မှ (Dr. Face Skin Care PR Package) ဒီဇိုင်းဖြင့် တတိယဆုကို ရရှိခဲ့ပါသည်။

ဆုပေးပွဲအား ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၄ ရက်တွင် ဆိုးလ်မြို့၌ ကျင်းပသွား မည်ဖြစ်ပြီး၊ COVID-19 ဆိုင်ရာ ကန့်သတ်ချက်များကြောင့် သက်ဆိုင်ရာ ဆုရရှိသူများကို ကိုရီးယားသမ္မတနိုင်ငံသို့ လူကိုယ်တိုင် တက်ရောက်ရေး ဖိတ်ကြား ရန်မဖြစ်နိုင်သဖြင့် ဆုပေးပွဲ၏ VIP Offline Event သို့ သက်ဆိုင်ရာသံအမတ်ကြီးများမှ တက်ရောက်ပေးနိုင်ပါရန် ASEAN-Korea Centre (AKC) မှဖိတ်ကြားသွားမည်ဖြစ်ပြီး၊ ဆုရရှိသူများ Evaluation Committee Board အဖွဲ့ဝင်များ နှင့် ဤအစီအစဉ်ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ကြသူများအနေဖြင့် Online မှ Zoom/ Youtube live streaming တို့မှတစ်ဆင့် e-participation အနေဖြင့် ပါဝင်တက်ရောက်ကြမည် ဖြစ်ပါသည်။

ဝင်းပပသူ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့